နေပြည်တော် လေဆိပ်တွင် လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် အေးရှားဝေါလ်ကုမ္ပဏီ တောင်းဆို

ပို့စ်တင်ချိန် - 11/23/2013 10:28:00 AM




နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူရန် အေးရှားဝေါလ် ကုမ္ပဏီက တောင်းဆိုထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် (၁) အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှု မရှိပါက ဆက်လက် အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

''နေပြည်တော် လေဆိပ်ကို နိုင်ငံတကာ လေကြောင်းလိုင်း အများစု ဆင်းသက်မှုမရှိလို့ နိုင်ငံပိုင်အဖြစ် ပြန်အပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကို လက်ခံပြီး နိုင်ငံတော်က ပြန်လည်လွှဲပြောင်းယူဖို့ မယူဖို့ကတော့ ဆွေးနွေးနေဆဲ အဆင့်ပဲ ရှိပါသေးတယ်'' ဟု လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

နေပြည်တော်လေဆိပ် အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န် ဆောင်မှုလုပ်ငန်းများကို အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ နေပြည်တော် လေဆိပ်အား နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် တောင်းဆိုခြင်းအပေါ် လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ''လေဆိပ်ဆိုာကတော့ လေကြောင်းလိုင်းတွေ ဆင်းမှပဲ အကျိုးအမြတ် ရမှာပေါ့။ လေကြောင်းလိုင်းတွေ အများစု ဆင်းဖို့ဆိုတာက စီးပွားရေးသမားတွေ လာမှပဲ ဖြစ်မှာပေါ့။ နေပြည်တော်ကတော့ စီးပွားရေးမြို့တော် မဟုတ်ဘဲ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အတွက် နိုင်ငံတော် ဧည့်သည်တွေ လာတာများတယ်။ အစည်းအဝေးပွဲတွေ ဆွေးနွေးပွဲတွေရှိမှပဲ နိုင်ငံတကာ လေယာဉ်တွေ ဆင်းတာပဲရှိတယ်။ စီးပွားရေးအရ တွက်ချက်ပြီး လုပ်မယ်ဆိုရင် ကိုယ်ဆုံးဖြတ်တာကို ကိုယ့်ဘာသာ ခံရမယ်။ လူကြီးတွေ ဖြစ်ချင်တာ လုပ်ပေးပြီး တွက်ခြေမကိုက်မှ ပြန်လွှဲမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အချိန်တစ်ခုကို စောင့်ကြည့်သင့်တယ်။ အစိုးရအနေနဲ့ အရှုံးခံပြီးလုပ်ဖို့ ဆိုတာကလည်း တော်တော် စဉ်းစားရမယ်။ ပြောရရင်တော့ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီး လုပ်ထားတာဖြစ်လို့ စာချုပ်ပါ စည်းကမ်းချက်တွေကို နှစ်ဖက်စလုံး လိုက်နာသင့်တယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ဘီအိုတီ စနစ်ဖြင့် လုပ်ကိုင်ရန် လုပ်ငန်းရယူ ဆောင်ရွက်ပြီးချိန်မှ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းကြောင့် နိုင်ငံပိုင်အဖြစ် ပြန်လည်ရယူပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က ''စီးပွားရေးအရရှုံးလို့ ပြန်အပ်မယ့် လုပ်ငန်းတစ်ခုကို နိုင်ငံတော်ကဆက်ပြီး အရှုံးခံလုပ်ဖို့ ဆိုတာက ခက်ခဲနိုင်တဲ့အတွက် တခြားနည်းလမ်း ရှာသင့်တယ်။ Third Party အဖွဲ့အစည်း တစ်ခုခုက အကြံဉာဏ်တောင်းခံပြီး ဆောင်ရွက်သင့်တယ်။ စီးပွားရေး လုပ်ငန်းရှင်ကတော့ မြတ်မယ်လို့ ယူဆပြီးလုပ်တာပဲလေ။ အကျိုးအမြတ် ရမယ်ထင်လို့ ယူထားတဲ့ လုပ်ငန်းကို ရှုံးလို့ပြန်အပ်တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တခြားနည်းလမ်း စဉ်းစားသင့်ပါတယ်'' ဟု ပြောကြားသည်။

အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd သည် နေပြည်တော်လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။

၎င်းအပြင် အေးရှားဝေါလ် ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ဆိပ်ကမ်းလုပ်ငန်းများအား ဆောင်ရွက်ခွင့် ရရှိထားသည်။

(နေပြည်တော်လေဆိပ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း))
Eleven Media Group