ဖေ့စ်ဘုတ်မောင်မောင်

ပို့စ်တင်ချိန် - 11/04/2013 10:14:00 AM


စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်၊ ဒေါက်တာမောင်မောင် စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော် ပြောပြမည့် မောင်မောင်ကား ဖေ့စ်ဘုတ် မောင်မောင် ဖြစ်လေသည်။

ဖေ့စ်ဘုတ်မောင်မောင် အင်တာနက် မသုံးခင်ကနာမည်မှာ မောင်မောင်သာ ဖြစ်သည်။ သို့သော် အင်တာနက် စသုံးတတ်ပြီး နောက်ပိုင်း ချက်တင် (Chatting) မောင်မောင်၊ ဂျီတော့ (G-talk) မောင်မောင်ဟု ခေါ်ကြ သည်။ အခုတော့ ချက်တင်မောင်မောင်၊ ဂျီတော့မောင်မောင် မဟုတ်တော့။ ပိုအဆင့် မြင့်လာကာ တော်လှန်ရေးသမား မျိုးချစ် ပုဂ္ဂိုလ်ကြီး ဖေ့စ်ဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင် ရိုးရိုးမောင်မောင်မှ စပယ်ရှယ် ဖေ့စ်ဘုတ်ဂုရုကြီး မောင်မောင်။ ဘယ်လိုဖြစ် တာလဲဆိုတာကို ကျွန်တော်တင်ပြပါမည်။

မောင်မောင်သည် ၁၀ တန်းကျကာ ဘာလုပ်ရမှန်းမသိ။ ယောင်ပေယောင်ပေ လတ်လျားလတ်လျား ဖြစ်နေချိန်တွင် အစ်ကိုတစ်ဝမ်းကွဲက မောင်မောင် ပျက်စီးမည့်အရေး မြင်သဖြင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့်ရန် တာဝန်ပေးအပ်လိုက်သည်။ ဒီအချိန်မှစ၍ မောင်မောင်သည် အင်တာနက်ကို စတင် သုံးတတ်လာလေသည်။

မောင်မောင်က ၁၀ တန်းမအောင် သော်လည်း လေ့လာမှုအားကောင်းသည်။ အင်တာနက်ဆိုင်မှာ ဆိုင်စောင့်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း တစ်ပတ်လောက် အတွင်း G-talk, MIRC စသည်တို့တွင် ချက်တင်ပြောခြင်း အမှုကို အလောင်းတော် များသာ ရလေ့ရှိသော ဇာတိဿရဉာဏ်ဖြင့် တတ်သကဲ့သို့ ချက်ချင်းတတ်မြောက် ကျွမ်းကျင်သွားသည်။ ချက်တင်ပြောခြင်း အမှုကို ကောင်းစွာ တတ်မြောက်ပြီး နောက်ပိုင်း အွန်လိုင်းမှ ကျူခြင်းအမှုပါ ထူးချွန် ပြောင်မြောက်စွာ တတ်ကျွမ်းလာပြီး အွန်လိုင်း ရည်းစား ၁၀၁ ယောက်တိတိ ရရှိလေသည်။

တိုးတက်သော အမြင်ရှိသည့် မောင်မောင်သည် G-talk, MIRC လောက်တင် အားမရဘဲ အင်တာနက် ဘလော့ဂ်များကို ဖတ်ရှုလေ့လာဖြစ်သည်။ တိုးတက်သောအမြင် ရှိသည့် မောင်မောင်၊ ထက်မြက်သော မောင်မောင်ဖြစ်သောကြောင့် အင်တာနက်ပေါ်သို့ တင်ထားသော တိုးတက်သည့် ဘလော့ဂ်များ ဖြစ်သည့် ဒေါက်တာချက်ကြီး၊ ဒေါက်တာဇော်ကြီး၊ ရာဟုမောင်မောင်၊ DKM ၊ အကယ်ဒမီ၊ အချစ်ရွာ၊ လူရမ်းကား စသော စသော စပယ်ရှယ် ဘလော့များကို မဖောက်ပြန်သော တိုးတက်သည့်အမြင်ဖြင့် ကောင်းစွာ လေ့လာပြီး ထိုဆိုက်များတွင် အတင်များသော အရာအားလုံးကို အားတိုင်းယားတိုင်း ဒေါင်းလော့ချကာ ဆိုင်ရှိ ကွန်ပျူတာစက် တိုင်းတွင် ထည့်သွင်းပေးထားသည်။ ထိုသို့ ပြုပြီးမကြာ၊ ဆိုင်တွင် Customer (ပုရိသ Only) များ နှစ်ဆခန့် များပြားလာလေသည်။ (လူဝင်နည်းသော အင်တာနက်ဆိုင်များ အတုယူကြရန် – ဤကားစကားချပ်)

တိုးတက်သောမောင်မောင်မို့ ဒီလောက်နဲ့တင် မရပ်သေး။ မုခစာအုပ် အမည်နာမ တွင်သော Facebook တွင် မောင်မောင် အကောင့်ဖွင့်လေသည်။ Facebook တွင်ကား မောင်မောင်များစွာ ရှိသောကြောင့် တထွေထူးခြား ဝိသေသလက္ခဏာ အဖြစ် ဖေ့ဘုတ်မောင်မောင်ဟု အမည်ပေးလိုက် လေသည်။ ဤသည်ကား ဖေ့စ်ဘုတ်မောင်မောင် ၏ စတင် ဖြစ်ပေါ်ပုံတည်း။

ဖေ့စ်ဘုတ်မောင်မောင် ဖေ့ဘုတ် စသုံးခါစက ဖေ့စ်ဘုတ်ဆိုတာ ဘာမှန်းညာမှန်း သိပ်မသိ။ အပျင်းပြေ မာဖီးယား၊ ဖန်းတောင်း စတဲ့ ဂိမ်းတွေကစားရင်း သူငယ်ချင်း များမှအဆင်ပြေမည် ဆိုတာကို သိသွားသည်။ တွေ့သမျှ မြင်သမျှ ရှိသမျှ လူအကုန် မိတ်ဆွေ စာရင်းသွင်းလေသည်။ ဘော်ဒါများရင် များသလောက် မာဖီးယားတွင် ဆရာကြီး ဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသွားခြင်း ကလည်း အကြောင်းတစ်ခုပင်။ ဤသို့သိရှိ သလို ဖေ့စ်ဘုတ်တွင် ဘော်ဒါ များသထက် များအောင် လုပ်လေသည်။ မောင်မောင် ဖေ့စ်ဘုတ် မိတ်ဆွေစာရင်းတွင် နိုင်ငံရေး သမား၊ ဘလော့ဂါ၊ သူဌေး NGO ဝန်ထမ်း လူတန်းစားမျိုးစုံ ပါဝင်လေသည်။ သိရုံနှင့် မရပ်နေဘဲ သိရင် သိတဲ့အတိုင်း လုပ်သော လေးစားဖွယ်ရာ မောင်မောင်ဖြစ်သည်။

နောက်ပိုင်း ဖေ့စ်ဘုတ်တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး၊ မြန်မာအမျိုးသမီးများ ကာကွယ်ရေး စသည့် စသည့် Fan Page/ Group Page များတွင် အဖွဲ့ဝင်သည်။ ထိုစာမျက်နှာ များပေါ်တွင် ရေးထားသော Status များကို Like လုပ်သည်။ ရဲရင့်စွာဖြင့် ဒါမျိုးလုပ်ရမည်။ ဟိုဟာမျိုးမလုပ်ရ။ ဒီလိုဆို မကောင်း၊ ဟိုလိုဆိုကောင်းသည်ဟု ပြောသည်။ ရှယ်ပါရစေ။ ကူးသွားပါရစေလို့ ပြောသည်။ ထိုသို့ လုပ်ခြင်းမှာ မောင်မောင် တကယ်ကြိုက်၊ တကယ်သိ၊ တကယ်ယုံကြည်၊ တကယ်နား လည်လို့မဟုတ်ဘဲ ဖေ့စ်ဘုတ်တွင် လူချစ် လူခင်များစေရန် ပီယဝါစာ နှုတ်သံ လွှတ်ခြင်းပင် ဖြစ်သည်။

နောက်ပိုင်း ဖေ့စ်ဘွတ်တွင် ထိုင်ရာမှ မထဘဲ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး ဘာညာဘာညာ အရေးတို့ကို ကီးဘုတ် (Keyboard) ဖြင့် ဆောင်ရွက်နိုင်ကြောင်း တိုးတက်သော အမြင်ရှိသူပီပီ မောင်မောင်ကောင်းစွာ နားလည် သဘောပေါက်သည်။ ထို့ကြောင့် မောင်မောင်သည် ဖေ့ဘုတ်တွင် အက်တီဗစ်ကြီးတစ်ယောက် ဖြစ်လာသည်။

အမျိုးဘာသာ သာသနာအရေးသည် မောင်မောင့်အရေးဖြစ်သည်။ မျိုးစောင့်ရမည်။ လူမမျိုအောင် တားဆီးရမည်။ မောင်မောင့်တစ်သက် ပတ်ဝန်းကျင်တွင် လူမျိုးခြား ဘာသာခြားတွေ စော်ကား မော်ကားပြုခဲ့တာ မရှိသော်လည်း ဖေ့စ်ဘုတ်မှ အံ့ချီးဖွယ်ရာ လူမျိုးရေး ဘာသာရေး အမုန်းပွားတဲ့ စကားများကို ဖတ်ပြီး ဒီကိစ္စသည် အားလုံးအရေး အမျိုးသားရေး ဖြစ်သည်။ မောင်မောင့်အရေး ဖြစ်သည်။

မောင်မောင်၏ Wall ပေါ်တွင် ရဲရဲတောက် ရဲရဲနီသော တော်လှန်သော စာသားများကို တွေ့ရမည်။ ရဲရဲတောက်သည့် မောင်မောင့်စာသားများကို မရေးသင့်ကြောင်း၊ နည်းနည်း လျှော့သင့်ကြောင်း၊ မှားနေကြောင်း ဖောက်ပြန်သူများက အကျိုးသင့်အကြောင်းသင့် ပြောလျှင် မောင်မောင့်ဘက်တော်သား ဆရာ့ဆရာကြီး များက ထိုသူများကို မိုးမွှန်အောင်ဆဲပြီး မောင်မောင်ကို ဂုဏ်ပြုလေသည်။ ဖေ့စ်ဘုတ်မှာရေးရဲတာ မောင်မောင်၊ ဖေ့စ်ဘုတ်မှာ တင်ရဲတာ မောင်မောင်၊ ဖေ့စ်ဘုတ်မှာ ဆဲရဲတာ မောင်မောင်၊ တိုးတက်သော မောင်မောင်၊ ဝံသာနုမောင်မောင်၊ မျိုးချစ်မောင်မောင်၊ မောင်မောင်မှ မောင်မောင်ဟု ဖြစ်လာသည်။

ဧရာဝတီအရေးတွင်လည်း မောင်မောင်ပါသည်။ မောင်မောင် ငယ်ငယ်တည်းက ရန်ကုန်မှာ ကြီးလာပြီး ဧရာဝတီမြစ်ဆို တစ်ခါမှမမြင်ဘူး။ ကြားသာကြားဖူးသည်။ ကိစ္စမရှိ၊ ဧရာဝတီအရေး မောင်မောင် အရေး အားလုံးအရေးဖြစ်သည်။ ဖေ့စ်ဘုတ် တွင်ရှိသော တစ်မျိုးသားလုံး ဧရာဝတီ ကြသည်။ ဧရာဝတီအရေး ထိုင်ရာမှမထ ကီးဘုတ်နဲ့ အရေးဆိုကြသည်။ အစိုးရသည် ဖေ့စ်ဘုတ်ပေါ်ရှိ ပြည်သူ့အင်အားကို လန့်သည်၊ ကြောက်သည်။ ဒါကြောင့် မြစ်ဆုံရှိ စီမံကိန်းကို ပယ်ဖျက်လိုက်သည်။ မလိခနဲ့ မေခပေါ် မှာသာ ဆည်ဆောက်တော့မည်။ ဧရာဝတီ မြစ်ကို လက်ဖျားနဲ့ပင် မတို့တော့။ ဖေ့စ်ဘုတ် တော်လှန်ရေးသမားများ၏ အောင်ပွဲတည်း။

အခုလည်း ဖေ့စ်ဘုတ်ပေါ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စမှ တရုတ်နဂါးအရေး၊ ဘယာကြော် ကုလားအရေးနဲ့ ဆရာတော် ဘုရားအရေးကို ဆွေးနွေး ငြင်းခုံမှုများ ပေါ်ပေါက်လာသည်။ တော်လှန်သော အမြင်ရှိသည် မောင်မောင်မှာ ဒီတိုင်း မနေနိုင်။ ရိုဟင်ဂျာ ဘင်္ဂါလီများကို လက်မခံသူမှာ လူအများစု ဖြစ်တဲ့အတိုင်း မောင်မောင် ပြတ်သားစွာဖြင့် မတွေဝေဘဲ ရိုဟင်ဂျာတွေကို ပယ်ပယ်နယ်နယ် ဆဲလေတော့သည်။ မောင်မောင်သည် ရခိုင်သွေး နှစ်ပြားဖိုးမျှပါပြီး ရခိုင်ပြည်နယ် မရောက်ဖူးပါ။ ရိုဟင်ဂျာ ဆိုတာကို မတွေ့ဖူးပါ။ ရိုဟင်ဂျာအကြောင်း သေသေချာချာ မလေ့လာဖူး သော်လည်း အမျိုးသားရေးအသိ၊ အမျိုးသားရေးစိတ်ဓာတ် အပြည့်နဲ့ ရိုဟင်ဂျာကို ထောက်ခံသူများ၊ ရိုဟင်ဂျာကို ထောက်ခံသယောင် ရှိသော စာများကို ရေးသားသူ များအား ပယ်ပယ်နယ်နယ် ဆဲလေသည်။ ရိုဟင်ဂျာ ဆန့်ကျင်ရေးစာများ ရေးသားထားသော ဘလော့ဂ်များ ဆိုက်များမှ ရေးသား ထားသောစာများကို မောင်မောင်ဖေ့စ်ဘုတ် Page ပေါ်သို့ ကူးတင်လေသည်။ မောင်မောင်ကို ဖေ့စ်ဘုတ်အသုံးပြုသည့် ရိုဟင်ဂျာ ဆန့်ကျင်ရေးသမားများက ချီုးကျုးထောမနာ ပြုကြလေသည်။
အမျိုးသားရေး လှုပ်ရှားသူ မောင်မောင်၊ မျိုးချစ်မောင်မောင်၊ တိုင်းပြည်အတွက် သားကောင်းရတနာ မောင်မောင် စသဖြင့် စသဖြင့် ထောမနာပြု ခံရလေသည်။

ရိုဟင်ဂျာအရေး ကုလားအရေးနဲ့ အပြိုင် မြန်မာပြည်တွင် ရေဘေး၊ ဂက်စ် ပိုက်လိုင်းအရေး၊ လက်ပံတောင်းတောင် အရေး၊ အခြေခံဥပဒေပြင်ရေး စတဲ့ စတဲ့ အရေးကြီးတဲ့ အရေးတွေ ဖြစ်နေသော်လည်း လှုံ့ဆော်သူ စိတ်ဝင်စားသူ ဖေ့စ်ဘုတ်တွင် နည်းသောကြောင့် မောင်မောင် ဒီကိစ္စတွေကို မကြည့်၊ စိတ်မဝင်စား။ ဖေ့စ်ဘုတ်၏ တော်လှန်သော လမ်းစဉ်အတိုင်း စိတ်ဝင်စားသူ များတဲ့ Topic ကိုပြောမှ ဖေ့စ်ဘုတ် ဆယ်လီဗီတီ ဖြစ်မည် ဖြစ်သောကြောင့် မောင်မောင် သူများ ရိုဟင်ဂျာသလို လိုက် ဂျာလေသည်။ သူများ မျိုးစောင့်ဆို စောင့်လေသည်။

တကယ်တော့ ရိုဟင်ဂျာဆိုတာကို မောင်မောင် ဘာမှန်းမသိ။ ဘာဂျာကိုတော့ မောင်မောင် ကောင်းကောင်းသိသည်။ မျိုးစောင့်ဥပဒေမှာ ဘာပါလဲ မဖတ်ဖူး၊ သိလည်း မသိ။ မသိလည်း ကိစ္စမရှိ။ ဖေ့စ်ဘုတ်တွင် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်သူတစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးသည်။ လူပြောများ လူထောက်ခံတာ များတဲ့ Topic တွင် မောင်မောင် မတွေဝေ မဖောက်ပြန်ဘဲ တော်လှန်သော ဖေ့စ်ဘုတ်လမ်းစဉ် အတိုင်း ကိုယ်ထိလက်ရောက် တိုင်းပြည်ကောင်းကျိုး ဘာမှ မလုပ်ဖူးပေမယ့် ထိုင်ရာမှမထ တိုင်းချစ်ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ရပ်တည်နေသူကို ဖေ့စ်ဘုတ်မောင်မောင်ဟု ခေါ်သည်။

မောင်ဥဂ္ဂါ
The Voice Weekly