အမှိုက်မှ လျှပ်စစ်ထုတ်ကာ စက်မှုဇုန်များသို့ ရောင်းချမည်

ပို့စ်တင်ချိန် - 11/01/2013 09:48:00 AM


ရန်ကုန် အောက်တိုဘာ ၃၁

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ခွင့်ကို ကိုရီးယား ကုမ္ပဏီနှင့် မြန်မာ ကိုရီးယားဖက်စပ် ကုမ္ပဏီတို့ ရရှိသွားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ရန်ကုန် စည်ပင်မှ တင်ပြသည့် ကုမ္ပဏီ ( ၁၁ )ခုအနက် မှ ၂ ခုကို တိုင်းဒေသကြီးအစိုးရ က ယခုလ ၂၇ ရက်နေ့တွင်အပြီးသတ်ရွေးချယ်ပြီး ရန်ကုန်စည်ပင် နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၂ ခုတို့ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း သဘောတူစာချုပ် (MOA) ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။

ထိန်ပင်နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်သော အမှိုက်တန်ချိန် ၈၀၀ ကို ဂက်စ် မှတဆင့် လျှပ်စစ်ထုတ်လုပ်ရန် ကိုရီးယား ကုမ္ပဏီ ဖြစ်သည့် Chasson International Korea မှ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ကာလကို ၃ နှစ်သတ်မှတ်ထားကြောင်း ၊ ပထမနှစ် ၂၀၁၄ တွင် လျှပ်စစ်ဓာတ်အား ( ၁၂ ) မဂ္ဂါဝပ် ၊ ဒုတိယနှစ် ၂၀၁၅ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၁၀ )မဂ္ဂါဝပ် ၊ တတိယနှစ် ၂၀၁၆ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၈ ) မဂ္ဂါဝပ် စုစုပေါင်း မဂ္ဂါဝပ် ၃၀ ထုတ်လုပ်သွားရန် ရှိကြောင်းသိရသည်။

ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ တွင်မှု အမှိုက်မီးရှို့စက် တည်ထောင်၍ လျှပ်စစ်ဓာတ်ထုတ်လုပ်မည်ဖြစ်ပြီး မီးရှို့စက် တည်ဆောက်မည့် ကာလကို ၂ နှစ်သတ်မှတ်ကာ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ၁၅.၄ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဟု သိရသည်။

ကုမ္ပဏီများမှ ထွက်ရှိသည့် ဓာတ်အား ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ ၁ ယူနစ်လျှင် ၁၅၀ ကျပ် နှုန်းဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဓာတ်အားပေးရေးအဖွဲ့မှ ပုဂ္ဂလိက နေအိမ်များသို့ ထပ်ဆင့်ရောင်းချရာ တွင် ဈေးနှုန်းကြီးမြှင့် နိုင်သဖြင့် စက်မှုဇုန်များသို့သာ ရောင်းချ သွားမည့်အနေအထား ရှိကြောင်းသိရသည်။

ထားဝယ်ချောင် စွန့်ပစ် အမှိုက်ပုံတွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ကုမ္ပဏီ မှာ ကိုးရီယား ၊ မြန်မာဖက်စပ် ကုမ္ပဏီဖြစ်သော ( Zaya and Situation နှင့် Hyundai Broken ) ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal