မိခင်နို့စို့ရာမှ ၀မ်းဗိုက်အတွင်း တွယ်ချိတ်ဝင်သွားသော တစ်လသားအရွယ် ကလေးငယ်

ပို့စ်တင်ချိန် - 11/24/2013 11:06:00 AM


ကျိုက်လတ်   နိုဝင်ဘာ  ၂၂

ကျိုက်လတ်မြို့နယ် ဆားဖိုသိုင်းချောင်းကျေးရွာတွင် နေထိုင်သော ကိုသန်းဇော်-မအေးအေးခိုင်တို့၏ တစ်လ သားအရွယ်သားငယ်လေးမှာ အောက်တိုဘာ ၂၆ ရက် တွင်   မိခင်နို့စို့ရာမှ အင်္ကျီတွယ်ချိတ် ဝမ်းဗိုက်အတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။

၎င်းကလေးငယ်အား မိခင်ဖြစ်သူက နို့တိုက်နေစဉ် မိခင်အင်္ကျီတွင် ချိတ်ထားသော တွယ်ချိတ်ကို ကလေး ငယ်လက်ဖြင့် ဆွဲမိရာမှ  ပါးစပ်အတွင်းဝင်သွားခဲ့သည်။ ယင်းအတွက် ဖခင်ဖြစ်သူက လက်ဖြင့်နှိုက်ယူရာ ချိတ်မှာ ပိုဝင်သွားခဲ့သည်။

ကလေး၏ ပါးစပ်အတွင်းမှ သွေးထွက်ကာ နာကျင် လွန်း၍ အော်ဟစ်ငိုယိုနေသဖြင့် လူမှုဝန်ထမ်းစိတ်ရှိသော လူငယ်များ၏ကူညီမှုကြောင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့  ရောက်ရှိခဲ့သည်။ ထိုမှ မအူပင်ဆေးရုံ ကြီးသို့ တစ်ဆင့်လွှဲခဲ့သည်။ ကလေးမိဘများမှာ ပျိုးနုတ်၊ ကောက်စိုက်တောင်သူများသာဖြစ်သည့်အတွက် စေတနာ ရှင်များ၊ အသင်းအဖွဲ့များမှ လိုအပ်သည့် ကူညီထောက်ပံ့မှု များပေးကာ မအူပင်ဆေးရုံကြီးသို့ အရောက်ပို့ပေးခဲ့သည်။

မအူပင်မှ ရန်ကင်းကလေးအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍သွားခဲ့ရာ ရန်ကုန်ကလေးဆေးရုံကြီးသို့ မှား၍ရောက်သွားခဲ့သည်။  ယင်းဆေးရုံကြီးမှ ဆေးမှတ်တမ်းများ ရယူကာ မူလညွှန်ကြားသည့်အတိုင်း ရန်ကင်း ကလေးအထူးကုဆေးရုံကြီးသို့ ပြန်၍တက်ရောက်ကုသခဲ့သည်။

ကလေးငယ်၏ ဝမ်းဗိုက်အတွင်းမှ တွယ်ချိတ်ကို မခွဲမစိတ်ရဘဲ အောင်မြင်စွာထုတ်ယူနိုင်ခဲ့သည်။ ယခုအခါ ကလေးငယ်မှာ စိတ်ချရသည့်အနေအထားရောက်ပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ ¤င်းတို့နေထိုင်ရာ ကျေးရွာသို့ ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
 
(အသောက)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း