အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုအဖွဲ့အချို့ စနစ်ဟောင်းမှ စရိုက်ဆိုးများ မပျောက်သေး

ပို့စ်တင်ချိန် - 11/09/2013 06:16:00 PM


ပုသိမ်၊ နိုဝင်ဘာ ၆

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ အုပ်ချုပ်ရေးမှူး အချို့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေး အထောက်အကူပြု အဖွဲ့အများအပြားသည် စနစ်ဟောင်းမှ အကျင့်ပျက် အကျင့်ဆိုး များဖြစ်သော အဂတိ လိုက်စား၍ ဘက်လိုက် ဆုံးဖြတ်ခြင်းများ၊ မလျော်သြဇာ သုံးခြင်းများ၊ လုပ်ပိုင်ခွင့်ထက် ပိုမို ဆောင်ရွက်နေခြင်းများ၊ အခွင့်ထူးခံ ယူနေမှုများ၊ အလွဲသုံးစား ပြုလုပ်နေမှု များအား ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံတော် အစိုးရက အများ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ၀ယ်ယူ အသုံးပြုနိုင်ရန် ၁၅၀၀ တန် SIM Card  များကိုနိုင်ငံတစ်ဝန်း အုပ်ချုပ်ရေး မှူးများ၏ အစီအမံဖြင့် ချထားပေးလျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့ တွင် တန်ဖိုးနည်း ဖုန်းကတ်များ မဲနှိုက် ရောင်းချခဲ့ရာ ရဲခေါင်ကြီး ကျေးရွာအုပ်စု၌ ကျေးရွာ အထောက်အကူပြု အဖွဲ့ကို စီမံခန့်ခွဲမှု ပေးထားကြောင်း၊ ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် အထောက်အကူအဖွဲ့ ဥက္ကဋ္ဌတို့က ဖုန်းတစ်လုံးစီ ယူပြီး လက်ကျန် SIM Card များ အား ရွာသူ/ရွာသားများသို့ မဲစနစ်ဖြင့် ရောင်းချ ပေးခဲ့ကြောင်း၊ဖုန်း လျှောက်လွှာ တစ်စောင်ကို ၁၀၀ကျပ် ကောက်ခံပြီး သတ်မှတ်ချိန် မကျော်လွန်မီ တင်ထားသော လျှောက်လွှာများ ပယ်ချ ခံခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူး၏ သားမှာ မဲနှစ်ကြိမ် နှိုက်ခွင့်ရကာ ဖုန်းမဲပေါက်သူများမှာ SIM Card တန်ဖိုး ၁၅၀၀ အပြင်စာချုပ် စာတမ်းခ ၃၀၀၀ ပေါင်းပြီး ကျေး ရွာအထောက်အကူပြု အဖွဲ့သို့ ၄၅၀၀ ပေးဆောင်ခဲ့ရကြောင်း ရဲခေါင်ကြီး ကျေးရွာနေ ဦးတင်ထွန်းက မြန်မာ သံတော်ဆင့်သို့ပြောကြားသည်။…

ပုသိမ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင်လည်း သြဂုတ်လ ၂၈ ရက်နေ့၌ တန်ဖိုးနည်း SIM Card များ မဲပေါက်မှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် ပြည်ခိုင်ဖြိုး ဒုအဖွဲ့ ခေါင်းဆောင်တို့ စကားများပြီး အုပ်ချုပ်ရေးမှူးက စာတမ်းပါ သုံးမြှောင့် သစ်သားတုံးဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ရဲစခန်းသို့ တိုင် ကြားခဲ့ ကြောင်း သိရှိရသည်။

ငပုတောမြို့နယ်၊ ကျောက်တံခါး ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ဘဏ်ကော်မတီ တို့မှ လယ်မလုပ်သော ဦးစန်းငွေနှင့် သေဆုံးသူ ဦးစန်းကြွေတို့၏ အမည်များဖြင့် လည်းကောင်း၊ အခြား ဘဏ်ငွေ မထုတ်သူများ၏ အမည်များဖြင့် လည်းကောင်း၊ ဘဏ်ငွေများ လိမ်လည်ထုတ်ယူ နေပြီး လယ်ဧက အများ အပြား ပိုင်ဆိုင်သူများမှာ ဧကခွဲ၍ ဘဏ်ချေး ငွေထုတ်ယူခြင်း များကို အုပ်ချုပ်ရေးမှူးက ထောက်ခံပြုလုပ်နေ ကြောင်း ကျောက်တံခါး ကျေးရွာနေ ဦးညိုစိမ်းက ပြောကြားသည်။

ကန်ကြီးထောင့်မြို့နယ်၊ ကျုံပဒုတ် ကျေးရွာတွင်လည်း ယခုကဲ့သို့ ဘဏ်ချေးငွေများ လိမ်လည် ထုတ် ချေးခြင်းများ ရှိနေပြီး ဘဏ်စာအုပ် ပြုလုပ်ရာတွင် ၁၅၀၀ ကျပ် ပေးရခြင်း၊ လမ်းစရိတ် အဖြစ်၂၀၀၀ ကျပ် ပေးရခြင်း၊ ချေးငွေ အပြည့်အ၀ မရရှိခြင်း ဖြစ်ပေါ် နေသည်ဟု ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

အုပ်ချုပ်ရေးမှူး များအား လယ်ယာမြေ စီမံခန့်ခွဲမှု ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားရာ ကန်ကြီးထောင့် မြို့နယ် အုပ်ချုပ်ရေးမှူးမှာ လယ်ယာမြေ မှုခင်းများ ဆုံးဖြတ်ရာတွင် ဖြစ်စဉ် တူညီသော အမှု ၂ ခုအား တစ်မျိုးစီ ဆုံးဖြတ် ပေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ ပေပင်လေး ကျေးရွာမှ ဒေါ်ရင်ကြည် နှင့် ဒေါ်စိန်တို့နှစ်ဦးသည် ၎င်းတို့ ပိုင် လယ်ယာမြေ များအား အစဉ်အဆက် လုပ်ကိုင်ခဲ့သူများ ဖြစ်သော်လည်း မင်္ဂလာဆန်စက် ပိုင်ရှင် ဒေါ် ဟိုက်ဝေးက အကြွေးဖြင့် သိမ်းယူသွားခြင်း အပေါ် ကန်ကြီးထောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေါ်ဟိုက် ဝေးအား အနိုင်ပေး ခဲ့ကြောင်း၊ မြို့နယ်အတွင်း ဦးညိုဆိုသူက ၎င်းအကြွေးဖြင့် အသိမ်းခံရသော လယ်မြေ များအား ပြန်လည်တောင်း ဆိုရာတွင် ဦးညိုအား အချုပ်ချထားပြီး သိမ်းယူသွားသူမှာ ယခုအချိန် အထိ ၃ နှစ်ဆက်တိုက် လုပ်ကိုင်ခဲ့သူ ဖြစ်သဖြင့် လယ်ယာမြေ ဥပဒေအရ အုပ်ချုပ်ရေးမှူးက အနိုင်ပေး လိုက်ကြောင်း ပေပင်လေးကျေးရွာ နေဒေါ်ရင်ကြည်က ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ် အများအပြားတွင် ထိုကဲ့သို့ မတရားမှုများ ဖြစ်ပွားနေပြီး အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ချထားပေးသော မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက ရွေးချယ်တင် မြှောက်ထားသော ရပ်ကွက်/ကျေး ရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ ကဲ့သို့သော ရပ်/ကျေး အထောက် အကူပြုအဖွဲ့များမှာ ဖွံ့ဖြိုးမှု စွမ်းရည်မြှင့်တင်ရေး သင်တန်းများတွင် အကြိမ်ကြိမ် တက်ရောက်ထားပြီး ဖြစ်သော်လည်း အချို့မှာ စိတ်ဓာတ်နှင့် အရည်အချင်းများ ပြည့်မီခြင်း မရှိဘဲ အကျင့်ဆိုး၊ စရိုက်ဆိုးများ ကျန်ရှိနေသေးကြောင်း ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသူ ဦး ထွန်းထွန်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာ့သံတော်ဆင့်