တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆို

ပို့စ်တင်ချိန် - 11/07/2013 02:36:00 PM


ယခုနှစ် သြဂတ်စ်လ အတွင်းက စစ်တွေ အုန်းတောတွင် မူဆလင် ဒုက္ခသည်များနှင့် တပ်မတော်သားများ ထိပ်တိုက် ဖြစ်နေကြစဉ်။ ( ဓါတ်ပုံ- အင်တာနက်)

ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာ အရေအတွက်၊ တည်နေရာ မြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစု လူဦးရေ စာရင်းများကို ကောက်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

၎င်းစာရင်းအား ယခုလတွင် အပြီးသတ်ပေးပို့ရန် ရခိုင်ပြည်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များသို့ အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။

“ တပ်မတော်က တစ်အိမ်တက်၊ တစ်အိမ်ဆင်းပြီးတော့ ကောက်မှာ မဟုတ်ဘူး။ သူတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ချုပ်ရေးမှူးတွေနဲ့ ရွာအလိုက် ကောက်ယူသွားမယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။

ကောက်ယူရာတွင် နံပတ်(၁) ကျေးရွာအမည် (၂) အိမ်ခြေ (၃) တည်နေရာ (မြို့နယ်/ ခရိုင် (၄) တည်နေရာ မြေပုံ အညွှန်း (၅) ကျေးရွာ အတွင်းရှိ မိသားစု အရေအတွက် (၆) လူဦးရေ အရေအတွက် (၆) ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်းနှင့် အခြားအဆောက်အဦး စာရင်းတို့ကို ကောက်ယူသွားမည်ဟု ဆိုသည်။

“ တပ်က တပ်ရင်းတွေ၊ တပ်ဖွဲ့တွေက မြို့နယ်တိုင်းမှာ ရှိပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင်လည်း တပ်ရင်း (၁၀) ခုလောက်ရှိပါတယ်။ အသစ်တပ်ဖွဲ့တွေ လာစရာ လိုမယ်မထင်ဘူး။ လက်ရှိ ရှိနေတဲ့ တပ်အင်အားနဲ့ ရက်အနည်းငယ် အတွင်း ကောက်ယူလို့ ရပါတယ်” ဟု ဆိုသည်။

ယခု စာရင်းကောက်ယူမည့် အစီအစဉ်တွင် ရခိုင်ကျေးရွာများ မပါဝင်ကြောင်း၊ မွတ်ဆလင်ကျေးရွာများ သက်သက်ကိုသာ ကောက်ယူမည့် အစီအစဉ်ဖြစ်ကြောင်း၊ ကောက်ယူမည့် ရည်ရွယ်ချက်ကို မသိရှိရကြောင်း၊ သို့သော်လည်း အရပ်ဘက် ကိစ္စထက် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ အတွက် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ စာရင်းကောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်၏ အတည်ပြုချက်ကို နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။
(နိရဉ္စရာ- ၇ နိုဝင်္ဘာ ၂၀၁၃)