အစွန်းချွတ်ဆေးဖြင့် အရေပြားပျက်စီးမှုကို ကုသနိုင်ရန် စမ်းသပ်

ပို့စ်တင်ချိန် - 11/21/2013 10:24:00 AM


အစွန်းချွတ်ဆေးဖြင့် အရေပြားပျက်စီးမှုကို ကုသနိုင်ရန် စမ်းသပ် အလွန်ပျော့ပြောင်းသည့် အချိုးအစားဖြင့် ရောစပ်ထားသည့် ချွတ်ဆေးဖျော်ရည်မျိုးသည် အရေပြား ပျက်စီးမှုများကို ဟန့်တားရာတွင် ထိရောက်သော အာနိသင် ရှိနေကြောင်း ပညာရှင်များက ယူဆထားသည်။

သိပ္ပံပညာရှင်များက အရေပြား အိုမင်းရင့်ရော် ပျက်စီးမှုများကို ကုသနိုင်မည့် ထူးထူးခြားခြား နည်းလမ်းသစ် တစ်ခုကို ခြေရာခံ စမ်းသပ်နေကြောင်း သိရှိရသည်။ ယင်းနည်းလမ်းမှာ အစွန်းချွတ်ဆေးကို အသုံးပြု ကုသခြင်းဟု ဆိုသည်။ အလွန်ပျော့ပြောင်းသည့် အချိုးအစားဖြင့် ရောစပ်ထားသည့် ချွတ်ဆေးဖျော်ရည်မျိုးသည် အရေပြား ပျက်စီးမှုများကို ဟန့်တားရာတွင် ထိရောက်သော အာနိသင် ရှိနေကြောင်း ပညာရှင်များက ယူဆထားသည်။ ယင်းသို့ ဖျော်စပ်ရာတွင် ချွတ်ဆေး အချိုးအစားကို (၀.၀၀၅)ရာခိုင်နှုန်းထိ လျှော့ချရန် လိုအပ်မည် ဖြစ်သည်။ ယခင်က အဆိုပါ ဖျော်ရည်သည် လူ့အရေပြားတွင် ရောင်ရမ်းမှုများကို လျော့ကျစေကြောင်း ပညာရှင်များက တွေ့ရှိထားသည်။

သို့သော်လည်း ယင်းထက်ပို၍ပင် အရေပြားအပေါ် ကောင်းကျိုး သက်ရောက်နိုင်မည့် အာနိသင်များ ရှိနေနိုင်ကြောင်းလည်း သုတေသီများက ယုံကြည်ထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အချို့ကပင် အလွန်အားပျော့သည့် ချွတ်ဆေးပျော်ရည်ဖြင့် ရေချိုးခြင်းက နှင်းခူနာကို သက်သာပျောက်ကင်းစေကြောင်း တွေ့ရှိထားသည်။ သို့သော်လည်း အဘယ်ကြောင့် ထိုအာနိသင်မျိုး ရှိနေသည်ကိုမူ လုံးဝ မဖော်ထုတ်နိုင်ခဲ့ချေ။ "အစောဆုံး ကျွန်တော်တို့ သိရှိထားတာက ချွတ်ဆေးဟာ အဏုဇီဝ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိနေမှန်း သိရှိထားပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သတ်ပစ်နိုင်တယ်လေ"ဟု စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ သောမတ်စ်လွန်းက ပြောကြားခဲ့သည်။

"ဒီတွေ့ရှိချက်မှာ ပြင်းအားတစ်ခုတည်းက တိကျတဲ့ အကြောင်းရင်းလို့ ကျွန်တော်တို့ မပြောရဲပါဘူး။ တစ်ခုခု ထူးခြားနေတယ် ဆိုတာကိုပဲ အံ့ဩစိတ်နဲ့ လက်ခံထားတာပါ"ဟု ၎င်းက ရှင်းပြခဲ့သည်။ အဆိုပါ ဖျော်ရည်သည် အရေပြား ရောင်ရမ်းမှုကို တိုက်ဖျက်သည့် ကိုယ်ခံအား စနစ်ကို တွန်းအားပေး မြှင့်တင်နိုင်သလို အိုမင်းရင့်ရော်မှုကို နှေးကွေးသွားစေသည့် သက်ရောက်မှုပါ ရှိနေကြောင်း တွေ့ခဲ့ရသည်။ ခြုံငုံသုံးသပ်ချက်အရ တိကျသည့် အချိုးအစားဖြင့် ရောစပ်ထားသည့် ချွတ်ဆေးဖျော်ရည်သည် အရေပြားအတွက် ကောင်းကျိုးဖြစ်စေကြောင်း ပညာရှင်များက လက်ခံထားသည်။

"ခုလောလောဆယ် လူသားတွေနဲ့ စမ်းသပ်တာမျိုး လုပ်ဆောင်ဖို့ စတင်နေပါပြီ။ ပျော့ပြောင်းတဲ့ ချွတ်ဆေးနဲ့ ရေချိုးကြည့်စေတာမျိုးပေါ့။ အဲဒီလုပ်ဆောင်မှုက နေရောင်ကြောင့် အရေပြား ထိခိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ဆီးချိုနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ ပြည်တည်နာလို အနာရောဂါတွေကို ကုသပေးနိုင်ပါတယ်"ဟုလည်း ဒေါက်တာလွန်းက ပြောကြားခဲ့သည်။ သို့သော်လည်း လူအများအနေဖြင့် ချွတ်ဆေးကို မိမိတို့ အရေပြားနှင့် တိုက်ရိုက်ထိတွေ့စေမည့် စမ်းသပ်မှုမျိုး လုံးဝမလုပ်သင့်ဟုလည်း ၎င်းက သတိပေးထားသည်။

"ခုတွေ့ရှိချက်က စိတ်လှုပ်ရှားစရာပါ။ ဒါပေမဲ့ အရမ်းမြန်မြန်ကြီး လူတွေလျှောက်စမ်းတာမျိုး မလုပ်သင့်သေးဘူး။ ကျွန်တော်တို့ အနေနဲ့ အားပျော့တဲ့ ချွတ်ဆေးပျော်ရည်နဲ့ ပတ်သက်ပြီး စနစ်တကျ သုတေသန လုပ်ဆောင်သွားမှာပါ။ ဒီတွေ့ရှိချက်ဟာ အရေပြားဆိုင်ရာ ဝေဒနာရှင်တွေအတွက် လွယ်ကူတဲ့၊ ဘေးကင်းတဲ့၊ ဈေးသက်သာတဲ့ ကုသမှုနည်းလမ်း တစ်ခုဖြစ်လာမယ်လို့တော့ ယုံကြည်ထားပါတယ်"ဟုလည်း ဒေါက်တာလွန်းက မှတ်ချက်ပြုသွားသည်။


Planet Myanmar Network