ရွှေဆံတော်ဘုရားပွဲဈေးတွင် ပါတီအထိမ်းအမှတ် လက်ဆောင်ပစ္စည်း မရောင်းရန် တားမြစ်

ပို့စ်တင်ချိန် - 11/06/2013 11:08:00 AM


ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

ပဲခူးတိုင်းပြည်ခရိုင်၊ ပြည်မြို့တွင် မကြာမီကျင်းပတော့မည့် လေးဆူဓာတ်ပျော် ပြည်ရွှေဆံတော်စေတီဗုဒ္ဓ ပူဇနိယ ဘုရားပွဲတော်ကာလအတွင်း ခင်းကျင်းမည့်ပွဲဈေး၌ နိုင်ငံရေးပါတီ အထိမ်းအမှတ်ပစ္စည်း အသုံးအဆောင်ပစ္စည်းများ မရောင်းချရန် တားမြစ်ထားကြောင်း ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါ ဘုရားပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်း သို့ နိုင်ငံရေးပါတီအထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများ မရောင်းချရန် တားမြစ်ချက်သည် ပထမဦးဆုံးအကြိမ် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ပါတီနိုင်ငံရေးမကင်းတဲ့ ရောင်းဝယ်မှုမျိုးကို တားမြစ်ထားတယ်။ ဒီနှစ် ဆိုင်ခန်းလာလျှောက်ကတည်းက ပုံစံလုပ်ထားတယ်။ ပါတီနိုင်ငံရေးကင်းရှင်းတဲ့ ရောင်းဝယ်မှုမျိုးဖြစ်ရမယ်”ဟု ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးက ဆိုသည်။

ယခင်နှစ် ရွှေဆံတော် ဘုရားပွဲဈေးတွင် နိုင်ငံရေးပါတီ အထိမ်းအမှတ်ပစ္စည်းများ ရောင်းချခြင်း၊ လက်ဆောင်ပစ္စည်းပေးခြင်းများ ရှိခဲ့သော်လည်း ထိရောက်စွာ တားမြစ်ခြင်းများ မဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောပါသည်။

ပွဲတော် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သည့် ဈေးဆိုင်ခန်းများ အထူးလိုက်နာရန် စည်းကမ်းချက်နံပါတ် (၉) ၌ ဘာသာရေးပွဲတော်ဖြစ်၍ ဘာသာရေးနှင့် မပတ်သက်သော ပါတီနိုင်ငံရေးနှင့် မပတ်သက်သော ပါတီအထိမ်းအမှတ်ပစ္စည်း အသုံးအဆောင်များ ရောင်းချဖြန့်ဝေခြင်း မပြုလုပ်ရဟု ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ စည်းကမ်းချက်များကို ဈေးဆိုင်ခန်း လာရောက်လျှောက်ထားသူများအား ဆိုင်ခန်းလျှောက်လွှာနှင့်တွဲ၍ ဝေငှပေးထားကြောင်း ဂေါပကအဖွဲ့မှ သိရပါသည်။

လုံခြုံရေးလုပ်ငန်းကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက အဆိုပါ ဘုရားပွဲတော်ကို ကြီးကြပ်ကွပ်ကဲမည်ဟု သိရပြီး စည်းကမ်းချက်ကို မလိုက်နာပါက ဆိုင်ထွက်ခွင့်ရုပ်သိမ်းပြီး လာမည့်နှစ် များတွင်လည်း ဆိုင်ခန်းနေရာချထားခြင်းကို စဉ်းစားမည်မဟုတ်ဟု ဂေါပကအဖွဲ့က ပြောသည်။

တားမြစ်ချက်နှင့်ပတ်သက်ပြီး ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်း က တားမြစ်ချက်များရှိသည့်အတွက် ဆိုင်ခန်းမထွက်တော့ကြောင်းနှင့် ပါတီပစ္စည်းများ ရောင်းချလက် ဆောင်ပေးခြင်းကို ခွင့်ပြုသင့်ကြောင်း မဇ္ဈိမသို့ ပြောပါသည်။

“ကျွန်တော့်အနေနဲ့တော့ မကြိုက်ဘူး။ ပါတီနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတဲ့အတွက်။ ပွဲတော်ကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးလုပ်တာလည်း မဟုတ်တဲ့အတွက် ခွင့်ပြုပေးသင့်တယ်”ဟု ၎င်းမှ ဆိုသည်။

ယခင်နှစ်က ရွှေဆံတော်ဘုရားပွဲတော်ဈေးတွင် ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများအဖွဲ့(ဗကသ) စသည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ကရုဏာလက် များကွန်ရက်(ပြည်)၊ အမေ့အရိပ် အောင်ဆန်းပညာဒါနကျောင်း(ရန်ကုန်) စသည့် လူမှုရေးအဖွဲ့အစည်း အသီးသီးက အမှတ်တရပစ္စည်း အသုံးအဆောင်များ လက်ဆောင်ပေး ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း သိရပါသည်။

အောင်နက်(တီကောင်)|
Mizzima - News in Burmese