ကပ္ပလီပင်လယ်တွင် မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်ဟု မိုးဇလပြော

ပို့စ်တင်ချိန် - 11/10/2013 12:29:00 PM


အခုကစပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နေတယ်။ တနင်္သာရီ ကမ်းရိုးတန်းနားကနေစပြီး ဖြစ်တာ။ အခုက ကပ္ပလီကျွန်းစုနဲ့ ကိုကိုးကျွန်းနားမှာ ရှိတယ်။ နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။”

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ကိုကိုးကျွန်းအနီးတ၀ိုက်နဲ့ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသတွေမှာ မိုးကြီးမယ်၊ မုန်တိုင်းငယ်ဖြစ်ပေါ်ရင် လေတိုက်နှုန်း တနာရီ ၄၅ မိုင်ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မိုးလေ၀သ သတင်းတွေနဲ့ ပတ်သက်ပြီး ရေဒီယို၊ ရုပ်မြင်သံကြားတွေကို အသေအချာ နားထောင်ကြဖို့လည်း တိုက်တွန်းပါတယ်။

မြစ်ဝကျွန်းပေါ်တ၀ိုက်က ငါးဖမ်းလှေတွေကိုလည်း သတိထားကြဖို့ ဦးချစ်ကျော်က ပြောပါတယ်။

“မြစ်ဝကျွန်းပေါ်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ငါးထွက်ဖမ်းနေတဲ့ ငါးဖမ်းလှေတွေအနေနဲ့ မိုးလေ၀သ သတင်းတွေကို နားထောင်ပြီး ငါးဖမ်းလှေပေါ်မှာ အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေများနဲ့ ကြုံရင် အချိန်မီ ကမ်းပြန်ကပ်ပြီး မုန်တိုင်းလွတ်တဲ့ နေရာမှာ ခိုအောင်းပါလို့ အကြံပြုလိုပါတယ်။”

ဒါ့အပြင် လယ်သမားတွေကိုလည်း ဦးချစ်ကျော်က “ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွေမှာရှိတဲ့ လယ်သမားကြီးတွေအနေနဲ့ အခုအချိန်ဟာ စပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ကြောင့် လေဖိအားနည်းရပ်ဝန်းဒေသတွေနဲ့ နှီးနွယ်ပြီး မိုးရွာသွန်းနိုင်တဲ့အခြေအနေကို ကြိုတင်သိမြင်ပြီး ရိတ်သိမ်းတဲ့ စပါးတွေ အမိုးအကာအောက် ရောက်အောင်နဲ့ စပါး မိုးမမိဖို့ အထူးအလေးထားဆောင်ရွက်စေချင်ပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းငယ်ကတော့ အိန္ဒိယနိုင်ငံဘက်ပဲ ဦးတည်သွားမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆိုပါတယ်။

by ရွှေအောင်  (ဒီဗွီဘီ)