မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

ပို့စ်တင်ချိန် - 11/18/2013 09:54:00 AM

မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။
"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။


မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ)

"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့်  တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။    
Eleven Media Group