တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလ ဟိုတယ် အခန်းငှားခ လေးဆ မြင့်တက်

ပို့စ်တင်ချိန် - 11/07/2013 10:08:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိသော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလ အတွင်း ဟိုတယ် အခန်းငှားခ ဈေးနှုန်းများ လေးဆအထိ မြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကာလတွင် လာရောက်မည့် ဧည့်သည်များ တည်းခိုနိုင်ရန် လွန်ခဲ့သော သုံးလခန့် ကတည်းက အခန်း ကြိုတင် မှာယူသော်လည်း ဟိုတယ်များဘက်က ကြိုတင် ငှားရမ်းခြင်း မပြုကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် သွားရောက် ငှားရမ်း သောအခါ ပုံမှန် ကျပ် ငါးသောင်းတန် နှစ်ယောက်ခန်း ငှားရမ်းခမှာ ကျပ် နှစ်သိန်း ဝန်းကျင်အထိသို့ မြင့်တက် သွားကြောင်း၊ တစ်ရက် တည်းခိုမည့် သူများကို အခန်း ငှားရမ်းမှု မရှိကြောင်းနှင့် အနည်းဆုံး သုံးလေးရက် တည်းခိုမည့် သူများကိုသာ အခန်းငှားရမ်းမှု ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဟိုတယ်ဈေးနှုန်း မြင့်တက်မှုမှာ နှစ်စဉ် နှစ်တိုင်း ဖြစ်လေ့ရှိပြီး ကျပ် ငါးသောင်းတန် အခန်းငှားခမှာ ကျပ် ခုနစ်သောင်းနှင့် ကျပ် ရှစ်သောင်းခန့် အထိသာ မြင့်တက်လေ့ ရှိသော်လည်း ယခုကဲ့သို့ လေးဆ အထိ မမြင့်တက်ခဲ့ဖူးကြောင်း ရန်ကုန်မြို့မှ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများသည် ပုံမှန်အချိန်များတွင် တောင်ကြီးမြို့တွင် ညအိပ် တည်းခိုလေ့ မရှိဘဲ ညောင်ရွှေနှင့် အင်းလေးတွင်သာ ညအိပ် တည်းခိုလေ့ ရှိသောကြောင့် တောင်ကြီးမြို့တွင် ဟိုတယ် များများစားစား မရှိခြင်းက ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတသော အခြေအနေများကို ဖြစ်ပေါ်စေကြောင်း အင်္ဂလိပ် ဘာသာ စကားပြော ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးညီညီက ဆိုသည်။

ပုံမှန် အချိန်များတွင် နှစ်ယောက်ခန်း တစ်ခန်းလျှင် ငှားရမ်းခအဖြစ် တစ်သောင်း သုံးထောင်ကျပ် ယူသော်လည်း တန်ဆောင်တိုင် ကာလအတွင်း ဧည့်သည် အဝင်များပြီး အခန်းရရှိမှု နည်းပါးသောကြောင့် ကျပ် လေးသောင်းခန့် ယူကြောင်းနှင့် ကျန် အချိန်များတွင် ပုံမှန်ဈေးအတိုင်း ငှားရမ်းခ ယူကြောင်း တောင်ကြီးမြို့ပေါ်ရှိ အလတ်စား ဟိုတယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးနှင့် အင်းလေး ဒေသတို့တွင် စုစုပေါင်း ဟိုတယ် ၆၇ လုံးနှင့် အခန်းပေါင်း ၁၈၃၇ ခန်း အထိ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။