အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား

ပို့စ်တင်ချိန် - 11/11/2013 12:25:00 PM


ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဥပဒေတစ်ရပ် ပြဋ္ဌာန်းတယ် ဆိုတာက အများအတွက် အကျိုးရှိစေသော၊ အများလိုက်နာနိုင်တဲ့ ဥပဒေတွေဖြစ်ဖို့ လိုတယ်။ အများအတွက် အကျိုးမရှိဘူး။ မမျှတဘူး။ မလိုက်နာနိုင်တဲ့ ဥပဒေ စတင်ပြဋ္ဌာန်းလိုက်ပြီ ဆိုကတည်းက ဥပဒေကို အလိုလို ချိုးဖောက်ဖို့ အများကြီး ဖြစ်လာနိုင်တယ်။ အခွန်နဲ့ ပတ်သက်လို့ အခွန်ရှောင်တာတွေ၊ အခွန်ပုန်းတာတွေနဲ့ အခွန်နဲ့ ပတ်သက်လို့ မသမာမှု ရှိတာတွေ အများကြီးပဲ။ ဒါ့ကြောင့်မို့လို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေက အများလိုက်နာ နိုင်မှသာလျှင် ဒီဥပဒေဟာ တရားမျှတမယ်။ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်မယ်။ အခွန်ကိစ္စတင် မဟုတ်ဘူး။ ဘယ်ဥပဒေပဲဖြစ်ဖြစ် အများလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါတွေက ကျွန်တော်တို့ ကြိုးစားပြီး လုပ်မယ်" ဟု ပြောကြားသည်။
ထိုပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၇၀ ကျော်ရှိပြီ ဖြစ်ကြောင်းနှင့် မိမိတို့ထံ၌ ထပ်မံပြဋ္ဌာန်းရန် ဥပဒေပေါင်း ၅၀ ကျော် ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ်ဆန်သောပုံစံ ရေးဆွဲထားကြောင်း၊ အရေးကြီးသည်က ပြည်ထောင်စုဖြစ်ကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ စုစည်းနေမှ နိုင်ငံဖွံဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စနစ်နှင့် ဒီမိုကရေစီစနစ် ယှဉ်တွဲကျင့်သုံးသည့် အမေရိကန်၊ ဂျာမနီနှင့် အခြားထိပ်တန်း နိုင်ငံကြီးများအား အတုယူသင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထိုပြင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား တရားမျှတစွာဖြင့် အနိုင်ရရှိအောင် ကြိုးစားရမည်ဟု သူရဦးရွှေမန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
Eleven Media Group