ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိုသည့် အချက်များ ကိုယ်ပိုင် သီးခြားပြုလုပ်ထားဟု သူရဦးရွှေမန်းဆို

ပို့စ်တင်ချိန် - 11/11/2013 03:31:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရက ရေးဆွဲ ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များကို ကိုယ်ပိုင် သီးခြား ပြုလုပ်ထားသည်ဟု သူရဦးရွှေမန်းက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။

မန္တလေးမြို့ (တယက) ရုံးဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အဲဒီ ပြင်ဆင်ရန် အချက်တွေက ကျွန်တော်သီးခြား လုပ်ထားတဲ့ အချက်တွေ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကိုယ်ပိုင် လေ့လာသုံးသပ်ထားသည့် အချက်များအပြင် ပါတီ အနေနှင့်လည်း ပါတီရဲ့ အာဘော်အဖြစ် လေ့လာသုံးသပ် ဆောင်ရွက်မှုများ လုပ်လျက် ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စများ ပြုပြင်ပြောင်းလဲ လိုသည့်၊ တစ်ဦးချင်း အနေနှင့် ပူးပေါင်း ကော်မတီသို့ တင်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ဖွဲ့စည်းပုံ ရေးဆွဲတုန်းကလည်း သူတို့ပါဝင်ခဲ့တယ်။ ယခုလက်ရှိမှာလည်း သူတို့က လက်တွေ့အကောင်အထည် ဖော်နေရတာ ဖြစ်တော့ အားနည်းချက် အားသာချက်ကို ဦးရွှေမန်းတို့ ပိုသိနိုင်ပါတယ်” ဟု တွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့သူ မန္တလေးတိုင်း NDF ပါတီ တိုင်းစည်းရုံးရေး ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပြည်သူ တစ်ဦးချင်းစီနှင့် NGO, INGO တို့မှ ပေးပို့ထားသော အကြံပြုစာပေါင်း ၁၂၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ အကြံပြုချက်များကို ဒီဇင်ဘာ ၃၀ ရက်နေ့ မတိုင်မီအထိ ပေးပို့နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly