စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းခန့်ကို ဆေးဝါး အပြည့်အစုံပါ ယာဉ်များဖြင့် လှည့်လည် ကုသမည်

ပို့စ်တင်ချိန် - 11/25/2013 09:02:00 PM


မန္တလေး၊ နိုဝင်ဘာ၂၄

ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို အလုပ်သမားများ၏ နောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း ဆေးသွားရောက် ကုသပေးမည့် ယာဉ်ကြီးများကို ပြည်ပမှ မှာယူထားပြီး အဆိုပါယာဉ်များ ရောက်ရှိလာမည့် ဒီဇင်ဘာ လလယ်မှ စတင်၍ ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများ အပြည့်အစုံ ထည့်သွင်းပြီးလျှင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား အများအပြား ရှိသည့် ရန်ကုန်မြို့တော်တွင် စတင် လှည့်လည် ဆေးကုသပေးမည် ဖြစ်ပြီး ကုသနိုင်မှု အခြေအနေကို လေ့လာ ဆန်းစစ်ကာ ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ စက်ရုံ၊ အလုပ်ရုံ ရှိသည့် နေရာများသို့ လှည့်ပတ် ကုသပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီလှည့်လည် ကုသမှု အစီအစဉ်က အလုပ်သမားတွေကို သီးသန့် ဝန်ဆောင်မှု ပေးကိုပေးရမယ့် အခြေအနေ ဖြစ်နေပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

လက်ရှိ စက်မှုဇုန် အများအပြား တည်ရှိသည့် ရန်ကုန်မြို့တော် အလုပ်သမားများ အတွက် လူမှုဖူလုံရေး ဆေးခန်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်ပေးထားသည့် အစီအစဉ် ကျင့်သုံးနေကြောင်း ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များတွင် အလုပ်လုပ်နေသော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများက ပြောကြားသည်။

မန္တလေးမြို့တော် စက်မှုဇုန်ရှိ စက်ရုံ ပိုင်ရှင်များ၊ အလုပ်သမားများကိုလည်း လူမှုဖူလုံရေး ကတ်များ လုပ်ပေးထားပြီး ကျန်းမာရေး စောင့်ရှောက်ရေး အတွက် လူမှုဖူလုံရေး ရန်ပုံငွေများ ထည့်ဝင်ပေးထားကြောင်း၊ ဖွင့်ထားသည့် လူမှုဖူလုံရေး ဆေးခန်းများသည် စက်မှုဇုန်နှင့် ဝေးကွာသောကြောင့် သာမန် ဖျားနာမှုကိုသာ သွားရောက် ပြသမှု ရှိပြီး နာတာရှည် ရောဂါများ အတွက် မန္တလေး နန်းရှေ့ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက် ပြသ ကုသကြကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးရဲဝင်းအောင်က ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ဖွဲ့စည်းထားသည့် အလုပ်သမား အစည်းအရုံးများ ဦးဆောင်ပြီး လူမှုဖူလုံရေး ကတ်များကို ထုတ်ပေးသဖြင့် ယင်းကတ်ကြောင့် ဆေးဝါးကုသမှု များမှာ အလုပ်သမားများ အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အလုပ်သမား အစည်းအရုံးတွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စက်ရုံ၊ အလုပ်ရုံရှိရာ ဒေသများ၌ လူမှုဖူလုံရေး ဆေးခန်းပေါင်း ၉၂ ခန်း ရှိပြီး ရန်ကုန် မြို့တော်ရှိ အလုပ်သမား ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly