မြေယာပြဿနာ ဦးစွာ ဖြေရှင်းရန် EU တိုက်တွန်း

ပို့စ်တင်ချိန် - 11/18/2013 09:01:00 AM


နေပြည်တော်၊ နိုဝင်ဘာ ၁၆

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ တစ်ဝန်း ဖြစ်ပေါ်နေသော မြေယာ ပြဿနာများကို ဦးစွာ ဖြေရှင်းရန် ဥရောပသမဂ္ဂ (EU) လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဌာန အကြီးအကဲ Sacian Ciolos က နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် EU-Myanmar Task Force တွင် ပြောကြားသည်။

မြေယာများသည် သဘာဝအားဖြင့် အများပိုင် ဖြစ်ပြီး မြေယာသိမ်းမှု များသည် လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်လျှင် လူ့အခွင့်အရေးကို ဖောက်ဖျက်ရာ ရောက်ကြောင်း၊ မြန်မာနိုင်ငံတွင် မြေယာဥပဒေများ ရှိနေသော်လည်း မည်ကဲ့သို့ အသုံးချသည်ကို ပြန်လည် စိစစ်သင့်ကြောင်း ၎င်းကဆိုသည်။
“မြေယာ ပိုင်ဆိုင်မှုဟာ ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရကမူ ၎င်းတို့ ကော်မရှင် အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ပြည်သူ့များထံမှ တိုင်ကြားစာများ ရရှိခဲ့ရာ လယ်ယာမြေ ပြဿနာ တိုင်ကြားစာများမှာ အများဆုံး ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦး ကမူ မြန်မာနိုင်ငံ၏ အနာဂတ် ခုန်ပျံကျော်လွှား ဖွံ့ဖြိုးရေး အစီအစဉ်အတွက် မြေယာကဏ္ဍသည် အရေးကြီးပြီး လက်ရှိ မြန်မာနိုင်ငံ ပြုလုပ်နေသော ပြုပြင်ပြောင်းလဲရေး အချိန်သည် အမှားအယွင်း ရှိ၍ မဖြစ်ကြောင်း ပြောကြားသည်။

မြန်မာတပ်မတော်သည် ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်မှစ၍ ပြည်သူပိုင် မြေသိမ်းယူခဲ့မှုတွင် စုစုပေါင်း ၁၉၇,၀၀၀ ဧက ရှိပြီး ၁၈,၃၀၀ ဧကကို ပြန်လည် စွန့်လွှတ် ပေးမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဝန်ခံ ပြောကြားထားသည်။

ထို့ပြင် အစိုးရနှင့် နီးစပ်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၏ မြေယာသိမ်းမှု များသည်လည်း ပြည်တွင်း ပြည်ပ မှ ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။ ဥရောပသမဂ္ဂက လာရောက် အကူအညီပေးရေး အစီအစဉ်တွင် အငယ်စား လယ်သမားများအတွက် ဖွံ့ဖြိုးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ဥရောပသမဂ္ဂ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဌာန အကြီးအကဲ Sacian Ciolos က ပြောကြားသည်။

The Voice Weekly