ပဋိပက္ခဒေသတွင် စားနပ်ရိက္ခာ ထောက်ပံ့ရန်အတွက် ကန်ဒေါ်လာသုံးသန်း EU ကူညီမည်

ပို့စ်တင်ချိန် - 11/25/2013 01:01:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၄

တိုက်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဒေသများတွင် စားနပ်ရိက္ခာ ထောက်ပံ့ရန်အတွက် ဥရောပသမဂ္ဂ ကော်မရှင်က အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံ ကူညီသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပဋိပက္ခများ၊ စစ်ပွဲများကြောင့် ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော ဒေသခံ ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန်အတွက် ထပ်မံ ထောက်ပံ့လိုက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ပွဲများ၊ ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေမှုကြောင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် အချို့ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ရန်ပင် အခက်အခဲ ရှိနေသည်ကို တွေ့ရကြောင်း ဥရောပသမဂ္ဂ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးနှင့် အကျပ်အတည်း တုံ့ပြန်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင်၏ ကော်မရှင်နာ Kristalina Georgieva က ဆိုသည်။

ပဋိပက္ခ ဒေသတွင်းရှိ ဒေသခံ ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အရ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၆ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း အခြေအနေများကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Mr. Carl Sorensen က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

Mr. Carl Sorensen သည် ၎င်း၏ ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခများ ပြန်လည် ဖြစ်ပွားစေနိုင်သည့် အခြေအနေများ ရှိနေကြောင်း ပြောကြားသွားသည်။

ယင်းပြဿနာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ထိခိုက် စေနိုင်သောကြောင့် အချိန်မီဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း Mr. Carl Sorensen က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနှံ့တွင် ပြည်တွင်းစစ်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ ပဋိပက္ခ များကြောင့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသော ဒုက္ခသည် နှစ်သိန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
The Voice Weekly