Human Cloning Controversy လူသား (ကလုန်း) အငြင်းပွါးမှု

ပို့စ်တင်ချိန် - 11/03/2013 09:49:00 AM


Human cloning လူတွေကို လူတူဖြစ်လာစေအောင် ပြုလုပ်ခြင်းဟာ အင်မတန်ရှုတ်ထွေးတဲ့ ဆေးသိပ္ပံပညာရပ်သစ် ဖြစ်ပါတယ်။ Dolly the sheep သိုးမလေးဒေါ်လီကို ၁၉၉၆ ဇူလိုင်လ ၅ ရက်နေ့မှာ စကော့တလန်၊ အီဒင်ဘာရာမှာ (ကလုန်း) နည်းပညာနဲ့ အောင်အောင်မြင်မြင်မွေးထုတ်ပေးကတည်းက ဒီနည်းသစ်ကို လူတွေစိတ်ဝင်စားလာခဲ့တယ်။

တရားဥပဒေအရခွင့်ပြုသင့်သလားဆိုတာကို အပြန်အလှန်ငြင်းချက်တွေထုတ်နေဆဲပါ။ အဖြေရခက်လှတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ၊ လူမှုရေးရှုဒေါင့်တွေကနေ သန်ရာသန်ရာ တမျိုးစီ မြင်ကြပါတယ်။ ဆေးပညာရှင်တွေကတော့ လူတွေကိုအဲလိုလုပ်ပေးတာမျိုး လက်တွေ့ဖြစ်လာချင်ကြတယ်။ ကျန်တဲ့လူတွေက ဒီလိုလုပ်တာဟာ လူ့ကျင့်ဝတ်နဲ့ညီရဲ့လား၊ လူ့သိက္ခာနဲ့ကိုက်ရဲ့လား၊ ဘာသာရေးနဲ့ ဆန့်ကျင်လား ဆိုတာတွေကို စဉ်းစားကြတယ်။ တရားဥပဒေကိုဘယ်လိုပြဌာန်းမလဲ ဆက်လာတယ်။ ခေတ်ရှေ့ရောက်နေတဲ့ အမေရိကန်လူထု ၇ဝ%ကတော့ လူကို ဒီနည်းလုပ်တာကို သဘောမတူကြပါဘူး။

(ကလုန်း) နည်းဆိုတာရဲ့ အခြေခံ
တန်းပြီးသဘောပေါက်အောင်ပြောရရင် ချွတ်စွပ်တူ အမွှာကလေးတစုံကို လိုချင်တဲ့အချိန်မှာ မွေးအောင်လုပ်ပေးတာ ဖြစ်ပါတယ်။ မူလလူရဲ့မျိုးဗီဇ DNA ထပ်တူကိုသုံးတယ်။ မိန်းမတဦးရဲ့ သားအိမ်ထဲမှာထည့်ပေးရာကနေ မွေးလာရင် ပုံမှန် ကလေးမွေးလာသလို အတူတူဖြစ်ပါတယ်။ မွေးလာတဲ့ကလေးရဲ့ မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေဟာ သူ့ကိုယ်ပိုင်သာ ဖြစ်ပါမယ်။

နည်းနာ ၂ ခုရှိပါတယ်။
နည်း (၁)
• Embryo splitting သန္ဓေခွဲခြင်းဆိုတာလုပ်ရတယ်။
• Embryo သန္ဓေဆိုတာ Fetus သန္ဓေသား (ကလေး) မဖြစ်ခင်အဆင့်ဖြစ်တယ်။
• တခုတည်းရှိတဲ့ Embryo သန္ဓေကို နှစ်ခုခွဲယူတယ်။ သဘာဝအတိုင်းအမွှာဖြစ်လာသလိုပါဘဲ။
• Embryo splitting နည်းနဲ့လုပ်တာကနေ (ကလုန်း) အရေအတွက် နည်းနည်းသာရနိုင်လို့ သိပ်ခေတ်မစားလှပါ။ နည်း (၂)
• Somatic nuclear replacement (ဆိုမက်တစ် နယူကလီယာ) ပြောင်းပေးနည်း ခေါ်တယ်။ လူတဦးကို ဆင်တူတွေ အရေအတွက် အကန့်အသတ်မရှိ လုပ်ယူလို့ရတယ်။
• မူလ DNA ကို မျိုးဥဆီယူလာရတာဖြစ်တယ်။
• Dolly the sheep သိုးမလေးဒေါ်လီကို ဒီနည်းနဲ့လုပ်ခဲ့တာဖြစ်တယ်။

ဒီဒုတိယနည်းထဲမှာ အဆင့် (၅) ဆင့်ရှိတယ်။
• အဆင့် (၁) (ဆဲလ်) ၂ ခုလိုတယ်။ (ကလုန်း) လုပ်ယူမဲ့သူရဲ့ကိုယ်က DNA ပါနေတဲ့ (ဆဲလ်) ၁ ခု Somatic cell အမျိုးအစားလို့ ခေါ်တယ်။ နောက် ဆဲလ်တခုကတော့ Unfertilized egg မျိုးစပ်မထားရသေးတဲ့ မျိုးဥဖြစ်တယ်။ သူ့ထဲကNucleus နယူကလိယပ်စ်ကို ဖယ်ထုတ်လိုက်တော့ သု့ကိုယ်ပိုင် DNA မပါတော့ဘူး။
• အဆင့် (၂) Somatic cell (ဆိုမက်တစ်ဆဲလ်) အတွက် အာဟာရမရသေးပါ။ မတိုးနိုင်မဆုပ်သာအခြေအနေလို့ ခေါ်တယ်။ (နယူကလိယပ်စ်) မပါတဲ့ ဆဲလ်နဲ့တူတယ်။
• အဆင့် (၃) ဆဲလ် ၂ ခုကို လျှပ်စစ်နဲ့ ပေါင်းစပ်ပေးလိုက်တယ်။ လျှပ်စီးကြောင်းကြောင့် ဆဲလ်ဟာ ဖွံ့ထွားလာဘို့ ဖြစ်လာတော့တယ်။
• အဆင့် (၄) အဲဒီဆဲလ်ကို Oviduct (အိုဗီဒတ်) ထဲမှာထည့်ပေးလိုက်တော့ ဆဲလ်တွေပွါးများလာနိုင်တယ်။ ဒီအဆင့်ဟာ Embryo သန္ဓေအဆင့်ဖြစ်လာပြီ။
• အဆင့် (၅) ကြီးလာနေပြီဖြစ်တဲ့ သန္ဓေကို Surrogate mother မိခင်လုပ်မဲ့အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်ပေးတယ်။

ငြင်းချက်တွေထုတ်ပေမဲ့ ဆေးပညာအရ အဲလိုလုပ်နိုင်တာဟာ ဘုရားသခင်အလုပ်မျိုး လုပ်နိုင်လာသလိုဘဲလို့ တဖက်က ဆိုပါတယ်။ လူ့နှလုံးအစားထိုးနိုင်ကာစလဲ အဲလိုထောက်ပြချက်မျိုးရှိတယ်။ In vitro fertilization အပြင်မှာ သန္ဓေစပ်ပေးနည်းနဲ့ ကလေးရအောင် လုပ်ပေးနိုင်ကာစကလဲ အလားတူဘဲပြောဆိုကြပါတယ်။ ကနေ့ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေကြပြီဖြစ်ပါတယ်။

Therapeutic cloning ဆေးကုသမှုအတွက် ကလုန်းလုပ်ခြင်း အောင်မြင်ရင် ဝေဒနာသည်တွေ အများကြီးကို အသက်ရှင်သန်ခွင့် ပြန်ရစရာရှိပါတယ်။ အဓိကကတော့ Stem cells (စတမ်ဆဲလ်) သုတေသနလုပ်ခြင်း ဖြစ်လာစေတယ်။ Stem cells တွေဆိုတာ သတ်သတ်မှတ်မှတ်ရှိတဲ့ ဆဲလ်အမျိုးအစားမဟုတ်ဘူး။ ဒါပေမဲ့ လိုချင်တဲ့ အရည်အသွေးမျိုး ရှိတာကို ပွါးလာပေးနိုင်တယ်။ ဥပမာ သွေးသစ်တွေထုတ်ပေးနိုင်တယ်။

တနေ့မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတခု ပွါးပေးနိုင်တာမျိုးအထိ ဖြစ်လာနိုင်စရာရှိတယ်။ နှလုံးအတက်ရလို့ သေသွားတဲ့ နှလုံးကြွက်သားဆဲလ်တွေ အသစ်မွေးယူနိုင်စရာရှိတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူမဲ့သူကို နှစ်နဲ့ချီပြီး တန်းစီ စောင့်နေရသူတွေအတွက် အင်္ဂသစ်ရမယ်။ လေဖြတ်လို့ မလှုပ်နိုင်သူတွေအတွက် ခါးရိုးမကြီးထဲက အာရုံကြောဆဲလ်တွေ မွေးယူပေးနိုင်မယ်။ ခြေလက်၊ လက်ဖြတ်ထားရသူအတွက် ခြေသစ်လက်သစ်လုပ်ယူပေးနိုင်မယ်။

Dr. Tint Swe