Mobile Banking စည်းမျဉ်းများ ဗဟိုဘဏ် ရေးဆွဲပြီးဟုဆို

ပို့စ်တင်ချိန် - 11/08/2013 09:37:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၆

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် ဘဏ်စနစ် ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် လိုအပ်နေသည့် Mobile Banking စနစ်အတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (Regulation) များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရေးဆွဲပြီး ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ စည်းမျဉ်း စည်းကမ်းများကို ဗဟိုဘဏ်က ရေးဆွဲပြီး ဖြစ်သော်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့၏ မှတ်ချက်နှင့် အတည်ပြုရရှိရန် လိုအပ်ကြောင်း၊ ထွက်ရှိမည့် အချိန်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းကရှင်းပြသည်။
“ဘယ်လောက်ကြာမယ် ဆိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပဲ ဆိုင်တယ်။ ဗဟိုဘဏ်ဘက်က လုပ်စရာရှိတာ အကုန်လုပ်ပြီးသွားပြီ။ ထွက်လာတာနဲ့ စသုံးနိုင်မယ်” ဟု ၎င်းကဆိုသည်။

Mobile Banking စနစ် ကျင့်သုံးနိုင်ပါက ဘဏ်များ မဖွင့်လှစ်နိုင်သည့် နေရာများတွင် ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းများ လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရန်လည်း လိုအပ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က သုံးသပ်သည်။
“Communication ကောင်းဖို့လည်း လိုတယ်။ ခဏခဏ လိုင်းကျနေလို့ မရဘူး” ဟု ၎င်းကဆိုသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ Mobile Banking စနစ်နှင့် Online Banking စနစ်များ အကောင်အထည် ဖော်ပြီးလျှင် အာဆီယံဘဏ်များနှင့် အဆင့်အတန်း တူညီသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
The Voice Weekly