အစိုးရပိုင် MRTV မှ OIC အစား IOC ဟု မှားယွင်းထုတ်လွှင့်

ပို့စ်တင်ချိန် - 11/23/2013 10:12:00 AM


နိုင်ငံတော်အစိုးရပိုင် မီဒီယာတစ်ခု ဖြစ်သည့် MRTV ရုပ်သံလိုင်းက အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ OIC အစား IOC ဟူ၍ နိုဝင်ဘာ ၁၇ ရက် (တန်ဆောင်မုန်းလပြည့်) တနင်္ဂနွေနေ့ မနက် ၈ နာရီတွင် ထုတ်လွှင့်သည့် ပြည်တွင်းသတင်း အစီအစဉ်တွင် မှားယွင်း ထုတ်လွှင့်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ သတင်းမှားယွင်းစွာ ကြေညာခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ရုပ်မြင်သံကြား MRTV မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်သို့ ““၎င်းအစီအစဉ်ထုတ်လွှင့်ရာတွင် OIC အား IOC ဟု မှားယွင်းခဲ့ခြင်းကို သိရှိပါသလား””ဟု နိုဝင်ဘာ ၂၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ““ဟုတ်တယ်။ ဟုတ်တယ်။ အန်ကယ်တော့ အသေးစိတ် အတိအကျ မသိဘူး။ အန်ကယ်က တိုင်းရင်းသား Channel က ဖြစ်တဲ့အတွက် ဦးမျိုးမြင့်အောင် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး တာဝန်ခံကိုပဲ ဆက်သွယ် မေးမြန်းလိုက်ပါ””ဟူ၍ ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍ ဦးမြင့်အောင်သို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖုန်းစက် ပိတ်ထားပါသဖြင့် အတည်ပြုချက် မရရှိခဲ့ပေ။

OIC ၏ အထွေထွေ အတွင်းရေးမှူးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ OIC အဖွဲ့ရောက်ရှိ လာခြင်းကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က OIC လာရောက်သည့်ကိစ္စ လေ့လာရေးသာ ဖြစ်ပြီး ရုံးခန်း ဖွင့်လှစ်ရေး အပါ အ၀င် တောင်းဆိုထားသော အချက်များနှင့် မပတ်သက်ဟု ဆိုသည်။ ၎င်းတို့ မလာရောက်မီနှင့် လာရောက်ပြီး နောက်ပိုင်း ရန်ကုန်၊ ဆူးလေ၊ ရခိုင်၊ ပခုက္ကူ၊ ပုသိမ် စသည့် မြို့များတွင် ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

အေမီ
Myanmartandawsint Newspaper