ရခိုင်ပြည်နယ်အတွင်း ခွဲခြားအကူအညီပေးသည်ဟု စွပ်စွဲချက် MSF အကြီးအကဲ တုံ့ပြန်ငြင်းဆို

ပို့စ်တင်ချိန် - 11/06/2013 03:07:00 PM


ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုလိုက်သည်။

နိုဝင်ဘာ၂ ရက်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခတွင် ဒါဏ်ရာရခဲ့သော ဘင်္ဂါလီဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော MSF အဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော ရခိုင်အမျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုသည့် စွပ်စွဲချက်များကို တုန့်ပြန်ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“MSF အဖွဲ့အနေနဲ့ လူမျိုးခွဲခြားမှုမရှိဘဲ လူနာရဲ့လိုအပ်ချက်အရသာ ဆေးရုံဆီကို လွှဲပြောင်းပို့ဆောင် ပေးတာ ဖြစ်ပါတယ်၊ ဆင်တက်မော်အရပ်မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့မနက်က MSF အနေနဲ့ ဒုက္ခသည်စခန်း မှ တာဝန်ရှိသူများက အရေးပေါ်လူနာရှိကြောင်း ဆက်သွယ်လာချက်အရ ပြည်နယ်ကျန်းမာရေး တာဝန် ရှိသူများနဲ့ဆက်သွယ်ပြီး လူနာများကို စစ်တွေဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပါတယ်”ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို ဗစ်ကီဟော့ကင်းက ပြန်လည်ဖြေကြားသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်တောမြို့နယ်မှ လူ ၃၀၀ခန့်က NGO များ အလိုမရှိဟု နိုဝင်ဘာ ၃ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

“NGO အဖွဲ့တွေက ဒုက္ခသည်စခန်းတွေက လူတွေကို ဆေးရုံကို ခေါ်ဆောင်သွားပြီး ဒဏ်ရာရတဲ့ ကျန် အမျိုးသမီးတွေကို ခေါ်မသွားတာဟာ သူတို့က ခွဲခြားတာပါ။ ဒါကြောင့် ဒေသကို အကျိုးမပြုတဲ့ NGO အ ဖွဲ့အစည်းတွေကို အလိုမရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့တာပါ”ဟု ဆန္ဒပြပွဲတွင်ပါဝင်သူဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများ၏ စွပ်စွဲချက်များကို ဗစ်ကီဟော့ကင်းက ငြင်းဆိုသည့်အပြင် အရေးပေါ်လူနာများအတွက် အကူအညီများကိုလည်း MSF ထံ အကူအညီ တောင်းခံရယူနိုင်သည်ဟုလည်း ဗစ်ကီဟော့ကင်းကပြော သည်။ “ခေါ်ယူပို့ဆောင်ပေးဖို့ အဆင်မပြေတဲ့ မည်သည့် အရေးပေါ်လူနာအတွက်ကိုမဆို MSF ထံကို အကြောင်းကြား အကူအညီရယူဖို့ တာဝန်ရှိသူ အာဏာပိုင်တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို တောင်း ဆိုချင်ပါတယ်”ဟု ပြောသည်။

ဒေသခံမဟုတ်သော NGO,INGO များကို ဒေသတွင်းမှ ထွက်ခွာသွားရန် နိုဝင်ဘာ ၃ ရက် တောင်းဆိုမှု ကို ပြည်နယ်အစိုးရအဖွဲ့က ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ဒေသတွင်း ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးအ တွက် အဟန့်အတားများ ဖြစ်နေခြင်းကြောင့် ထိန်းသိမ်းရန်လိုအပ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြန် ကြားရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

“တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်လို့ရမယ် ဒါကြောင့် ဒေသခံတွေ အနေနဲ့ ထစ်ခနဲရှိ ဆူပူတာမျိုး မလုပ်သင့်ဘူး”ဟု ပြောသည်။

ဂီရိမုန်တိုင်း ကျရောက်ခဲ့သော ၂၀၁၀ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်သို့ NGO,INGO အဖွဲ့အစည်းများ စတင် ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင်လည်း နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာခဲ့သည်။

Written by  ကေဇင်ဦး
Mizzima - News in Burmese