၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်းအားလုံး ပြင်ဆင်ပြီး လွှတ်တော်သို့ တင်ပြမည်ဟု NBF ဆို

ပို့စ်တင်ချိန် - 11/04/2013 06:40:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃

တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်းအားလုံးကို ပြင်ဆင်ထားပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်တီးက ပြောကြားသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက်များ အပြီးသတ်ရေးအတွက် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များ၌ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်တွင် NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် ၅၁ ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“ဖက်ဒရယ်စနစ်နဲ့ မညီတဲ့ ပြင်ဆင်ချက်တွေ အခန်းတိုင်းမှာ ထည့်ထားပါတယ်။ ဘယ်နှချက်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး” ဟု ၎င်းကရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့ဝင် တိုင်းရင်းသားပါတီများ သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပြီး ပြင်ဆင်ချက်များ များလွန်းနေသောကြောင့် ပြန်လည် သုံးသပ်ပြီး ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူလူထုဆန္ဒ ကောက်ယူပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

အလားတူ အခြေခံဥပဒေ ပြင်ဆင်ရေးပိုင်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က စက်တင်ဘာလ ဒုတိယပတ်အတွင်း ရေးဆွဲထားပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ဆွေးနွေးမည် ဖြစ်ကြောင်း SNDP မှသိရသည်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကို တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဖလုံ -စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား တိုးတက်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသား စည်းလုံး ညီညွတ်ရေးပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ပါဝင်သည်။
The Voice Weekly