NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု

ပို့စ်တင်ချိန် - 11/11/2013 12:27:00 PM


နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်း မရှိသော်လည်း NLD ပါတီ၏ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးနှင့် သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ သဘာပတိအဖြစ် NLD ပါတီအဖွဲ့ နာယက ဦးတင်ဦးက ဆောင်ရွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တရားလွှတ်တော်ရှေ့နေ့ ဦးကျော်ဟိုးတို့က ဟောပြောပွဲသို့ တက်ရောက်လာသူများအား ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအား ဆန္ဒပြုနိုင်ရန် ရှင်းလင်းဟောပြောခဲ့သည်။
NLD ပါတီအား အမျိုးသား ညီလာခံမှ ထုတ်ပယ်ခဲ့သည့် အခြေအနေ၊ ပါတီဝင်များ ဖမ်းဆီးထောင်ချ ခံရခြင်းနှင့် ပါတီအား ဖိနှိပ်ခံခဲ့ရသည့် အခြေအနေများ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့မှုများ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ မူဝါဒ သုံးရပ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများအား NLD သဘာပတိနာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည်က အားလုံးပြောတဲ့ နေရာမှာ အဖွဲ့အစည်းတစ်ခု၊ တစ်ယောက်အတွက် မပြောရဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကိုပဲ လိုချင်ပါတယ်။ လူထုရဲ့ အစစ်မှန်သာလျှင် ခိုင်မြဲပါတယ်။ ဒါကြောင့်မိုလို့ လူထုနဲ့ ပတ်သက်လို့ ဆန္ဒကို ရယူရအောင်ဆိုတာ ဖြစ်လာတယ်။ ဒီလို အတွေးအခေါ်မျိုး ဒေါ်စုက ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကြတော့ တစ်ခုကတော့ ပြင်ဆင်ရေး၊ နောက်တစ်ခုကတော့ အသစ်ပြန်လည်ရေးရေး။ ကျွန်တော်တို့က ပြင်ဆင်ရေးရေး၊ အသစ်ပြန်ရေးရေး ဒီမကြိုက်တာဟာကတော့ တစ်ခုခု ပြင်ရမယ်။ ဖျက်ပစ်ရမယ်။ မမှန်ကန်တဲ့ အချက်တွေကို ဖယ်ရှားရမယ်ဆိုတာ ပြောပြီးသားပဲ" ဟု ဦးတင်ဦးက ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် သုံးနည်းသာရှိကြောင်း၊ ပထမ တစ်နည်းမှာ လွှတ်တော်ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းမှ ပြင်ဆင်ချင်ပါက ပြင်ဆင်၍ရသော ပြင်ရန်လွယ် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်တစ်နည်းမှာ ၆၇ ရာခိုင်နှုန်းကျော် သဘောတူမှ ပြင်၍ရသော ပြင်ရန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နောက်ဆုံးတစ်နည်းမှာ ၇၅ ရာခိုင်နှုန်း သဘောတူမှသာ ပြင်၍ရသော ပြင်ရန်အလွန်ခက်သည့် ဖွဲ့စည်းပုံဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံများတွင် မသုံးဘဲ ဆိုရှယ်လစ်စနစ် ကျင့်သုံးသည့် နိုင်ငံများတွင်သာ သုံးကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါ သုံးနည်းထက် ဘောင်ကျော်လွန်ပြီး ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်၍ရကာ လွှတ်တော်၌ အရပ်သားလွှတ်တော် ကိုယ်စားလှယ်မှာ ၇၅ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထောက်ခံမှသာ ပြင်ဆင်၍ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရှင်းလင်းပြောကြားသည်။
"ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်ဖို့ ပြင်ပြင်၊ သစ်သစ်၊ နောက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ဖို့လိုတယ်။ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်ဖို့လိုတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေလို ရှင်းရှင်းလင်းလင်း နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကို အပ်ဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ အနာဂတ်လှပမယ့် ဖွဲ့စည်းပုံ ပေါ်ပေါက်လာမယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ထို့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရယူသည့်အချိန်တွင် လွတ်လပ်ရေး ကြေညာစာတမ်း ရေးဆွဲခဲ့ကြောင်း၊ လွတ်လပ်ရေး ကြေညာစာတမ်း စာပိုဒ်ငါးတွင် ဗမာနိုင်ငံသည် လူတစ်ယောက်ပိုင်သည့် နိုင်ငံမဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် လူတစ်စု တစ်ဖွဲ့ပိုင်သည့် အမွေအနှစ် မဟုတ်ကြောင်း၊ ဗမာနိုင်ငံသည် နိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူအားလုံးပိုင်သည့် အမွေအနှစ် ဖြစ်သည်ဟု ရေးသားထားကြောင်း၊ သို့သော် အဆိုပါ ကြေညာစာတမ်းနှင့် ဆန့်ကျင်သည့် မိမိတို့နိုင်ငံသား အားလုံးပိုင်သည့် နိုင်ငံကို လူတစ်ယောက်မှ နှစ်ပေါင်း ၅၀ အုပ်ချုပ်သည်ကို ခံခဲ့ရသည်အတွက် နောက်ပိုင်းတွင် ထိုကဲ့သို့မဖြစ်ရန် လွတ်လပ်ရေး ကြေညာစာတမ်းကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဦးကိုနီက ဆက်လက်ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းအား ထောက်ခံပါက လက်ထောင်ဆန္ဒပြုရန် ပြောကြားခဲ့ရာ ရာခိုင်နှုန်း ၉၀ ခန့်မှာ လက်ထောင်ဆန္ဒပြုခဲ့ပြီး အသံဖြင့် ဆန္ဒပြုရာတွင်လည်း ပြင်ဆင်ရေးအား သဘောတူကြောင်း သံပြိုင်ဆန္ဒပြုခဲ့ကြပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများ လက်ထောင်ပြရန် မေးမြန်းခဲ့ရာ NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့သည်။
"ဒါ ပြင်သည်ဖြစ်စေ။ အသစ်ဖြစ်စေ။ လူတွေက ပြောင်းတာကို လိုချင်တယ်။ အဲဒီတော့ မိမိတို့ဆန္ဒ သဘောထားကတော့ သစ်တာကြိုက်ရင်လည်း ပြောင်းတာကို လိုချင်တယ်။ ပြင်တာကို ဆန္ဒပြုရင်လည်း ဒီအခြေခံ ဥပဒေကို ငြင်းတယ်။ အတူတူပဲ။ ကျွန်တော် ခုနက ပြောသလိုပေါ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှင်းရှင်းပြောရရင် သုံးလို့မရပါဘူး။ သုံးလို့မရတဲ့ ဥပဒေကို လုပ်မယ့်လုပ်ရင် ဒါကြီးကို အသေးစိတ် လျှောက်ပြင်နေရင် ပြီးတော့မှာ မဟုတ်ဘူး။ ပြီးလည်းမပြီးနိုင်ဘူး။ အဲဒီတော့ ပြည်သူ့ဆန္ဒ သဘောထား အသစ်ကိုလို ချင်တယ်ဆိုတာပဲ ပြောဖို့ရှိတယ်လို့ ကျွန်တော်ယူဆတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က အခမ်းအနား အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စက်တင်ဘာလ အတွင်းက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ခုနစ်ဖွဲ့ခွဲကာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်အဆင့်များအား ရှင်းလင်းဟောပြောမှုများ လုပ်ဆောင်ခဲ့ပြီး အများစုမှာ ပြင်ဆင်ရေး လမ်းကြောင်းကိုသာ ဆန္ဒပြုခဲ့ကြကာ ရန်ကုန်တိုင်း ဒေသကြီး၌လည်း ခရိုင်၊ မြို့နယ်များအပြင် ယခုကဲ့သို့ တိုင်းလုံးကျွတ်ပွဲ ပြည်သူ့ဆန္ဒသဘောထား ရယူပွဲအား ပြုလုပ်ခြင်းဖြစ်သည်။
Eleven Media Group