တောင်သူလယ်သမားကွန်ရက် NLD ဖွဲ့

ပို့စ်တင်ချိန် - 11/28/2013 12:17:00 PM


ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

တောင်သူလယ်သမားများ၏ ၀င်ငွေမြင့်မားရေး၊ လူနေမှုဘ၀တိုးတက်ရေး ကူညီဆောင်ရွက်ရန်ရည်ရွယ် သည့် ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူးဦးမင်းသူက နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အဲဒီကွန်ရက်က အချက်အလက်မှန်တွေ ရအောင်စုမယ်၊ ပြီးရင် တောင်သူတွေကို ဘယ်လို ကူညီနိုင်မ လဲဆိုတဲ့ ဆုံးဖြတ်ချက် ချမယ်။ ရေရှည်မှာ ရလဒ်ကောင်းဖို့အတွက် အစီအစဉ်တွေဆွဲပြီး အကောင်အ ထည်ဖော်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးရေးပညာရှင်တစ်ဦး ပြုစုပေးသည့် သုတေသနစာတမ်းတစ်ခုအပေါ် အခြေခံ၍ ကွန်ရက်၏ လုပ် ငန်းများကို အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ကွန်ရက်ကို နိုဝင်ဘာ၂၆ ရက်က ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်များ၊ ပညာရှင်များ၊ တောင်သူလယ်သမား အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စား လှယ်များဖြင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။

“ပထမအဆင့်မှာ တောင်သူတွေအချင်းချင်း ကွန်ရက်သဖွယ်ဆက်သွယ်မှုတွေရဖို့၊ အသိပညာနဲ့အတတ် ပညာဆိုင်ရာ သင်တန်းတွေ စီစဉ်ပေးဖို့ လုပ်သွားမှာပါ”ဟု ပြောသည်။ တောင်သူများကို အင်တာနက်၊ အီးမေးလ်ကဲ့သို့သော နည်းပညာဆိုင်ရာများ အသုံးပြုနိုင်ရန် အနီးကပ်ဆုံးကာလအတွင်း ဆောင်ရွက် ပေးသွားရန်လည်း စီစဉ်ထားသည်။

ဒုတိယအဆင့်တွင်မူ ငွေရေးကြေးရေးဆိုင်ရာ ပံ့ပိုးမှုများ စီစဉ်ပေးနိုင်သည်အထိ ရည်ရွယ်ထားသည်ဟု ဦးမင်းသူက ပြောသည်။

“ငွေကြေးအပြင် လယ်ယာလုပ်ငန်းသွင်းအားစုတွေကို အားလုံးအကျိုးရှိစေမယ့်နည်းလမ်းနဲ့ စနစ်တကျ ကူညီနိုင်ဖို့ ပြင်ဆင်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

ကွန်ရက်အနေဖြင့် အနာဂတ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် ရည် ရွယ်ထားခြင်းဖြစ်သည်။ တောင်သူအသင်းအဖွဲ့များပေါ်ထွန်းရန်နှင့် အားပေးကူညီရန်ကိုလည်း ကွန်ရက်၏ လုပ်ငန်းစဉ်များတွင် ထည့်သွင်းထားပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေး သွားမည်ဟု ဆိုသည်။

ကွန်ရက်ကို ၂၀၁၃ ခုနှစ် ပါတီညီလာခံအပြီး ဖွဲ့စည်းခဲ့သည့် တောင်သူလယ်သမားရေးရာကော်မတီကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါကွန်ရက်သည် တတိယမြောက်ကွန်ရက်ဖြစ်ပြီး ယခင်က ကျန်းမာရေး၊ ပညာရေးကွန်ရက်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားပြီးဖြစ်သည်။

အေးမြင့်စန်း

Mizzima - News in Burmese