ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးကို မျှမျှတတ ကူညီမည်ဟု OIC ဆို

ပို့စ်တင်ချိန် - 11/16/2013 06:20:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် အစ္စလာမ္မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးကို မျှမျှတတ အကူအညီ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း မောင်တောမြို့မှ ရခိုင် တိုင်းရင်းသား မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

OIC ကိုယ်စားလှယ်အဖွဲ့နှင့် မောင်တော မြို့မိမြို့ဖများ နိုဝင်ဘာလ ၁၅ ရက်နေ့က မောင်တောမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံစဉ် OIC အထွေထွေ အတွင်းရေးမှူးချုပ်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အတွက်ကိုလည်း OIC အဖွဲ့က ပြောဆိုခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများက မောင်တောဒေသတွင် ရခိုင် တိုင်းရင်းသားများသည် လူနည်းစု ဖြစ်သည့်အတွက် အန္တရာယ်ရှိသည့် အကြောင်းများကို တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ယင်းမှတစ်ဆင့် မောင်တောမြို့သို့ သွားရောက်ခဲ့သည်။

မောင်တောမြို့သို့ OIC ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းကို ကန့်ကွက်သည့် အနေနှင့် လူနှစ်ထောင် ဝန်းကျင် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါမြို့ရှိ ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသည်။

စစ်တွေမြို့တွင်လည်း OIC အဖွဲ့ကို အလိုမရှိဟုဆိုကာ မြို့ခံ ၁၀၀၀ ကျော်က စစ်တွေမြို့ လေဆိပ်ရှေ့တွင် အဆိုပါ ကိုယ်စားအဖွဲ့ လာရောက်စဉ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း၊ ဆန္ဒပြရာတွင် Get Out OIC၊ ပြည်တွင်း အရေးကို ဝင်ရောက် မစွက်ဖက်ရန်၊ OIC အလိုမရှိ၊ ခိုးဝင်သူ ဘင်္ဂါလီများကို ခေါ်သွားရန်အချက် အပါအဝင် အချက် ၁၁ ချက်ကို ကြွေးကြော် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့၊ တောင်ကြီးမြို့၊ ရခိုင်ပြည်နယ် ပေါက်တောမြို့ အပါအဝင် အခြားမြို့နယ် များတွင်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယခင်ရက်များက လားရှိုး၊ မိထ္ထီလာ၊ ရန်ကုန်မြို့တော်တို့တွင် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပွားခဲ့သည်။

OIC ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်ခဲ့ပြီး နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဖက် လူ့အဖွဲ့အစည်းများကို အကူအညီများ ပေးရာတွင် အစိုးရထံမှတစ်ဆင့် ပေးအပ် သွားမည်ဟု OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ကြောင်း ရခိုင်ပြည် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ် Professor Ekmeleddin Ihsanoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရှိရသည်။

Organisation of Islamic Cooperation (OIC) ကို အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
The Voice Weekly