ယာဉ်တိုက်မှုနှင့် မှုခင်းဖြစ်စဉ်များ စောင့်ကြည့်ကာ ကြိုတင်ကာကွယ်ရန် ဗဟိုထိန်းချုပ်မှု ကွပ်ကဲရေးဌာန (PCC) တည်ဆောက်နေ

ပို့စ်တင်ချိန် - 11/23/2013 10:23:00 AM




မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မန္တလေး) ဗဟိုထိန်းချုပ်ရေး မှုကွပ်ကဲရေးစင်တာ (Police Command Center) ကို တရုတ်နိုင်ငံ၏ နည်းပညာ အကူအညီဖြင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် တည်ဆောက်နေကြောင်း သတင်းရရှိပါသည်။

အဆိုပါ Police Command Center (မန္တလေး)သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ပထမဦးဆုံး တည်ဆောက်ခြင်းဖြစ်ကာ ယာဉ်တိုက်မှု အန္တရာယ်များ၊ မှုခင်းဖြစ်စဉ်များကို စောင့်ကြည့်ကာ ကြိုတင်ကာကွယ် သွားရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''တိုင်းရုံးထဲမှာ Control Room ထားရှိပြီး လိုအပ်တဲ့ ထရန်စဖော်မာတွေ၊ ဖုန်းလိုင်းကြိုးတွေ တပ်ဆင်ပြီးသွားပါပြီ။ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှာ ဗဟိုထိန်းချုပ်မှု ကွပ်ကဲရေးဌာနဟာ ယာဉ်အန္တရာယ်ရော၊ မှုခင်းကျဆင်းရေးရော အတွက် အထောက်အကူ ဖြစ်တာကို တွေ့ခဲ့ရတယ်။ဒါကြောင့် မန္တလေးမှာလည်း ဒီလိုဌာနပြုလုပ်ဖို့ သူတို့ဘက်က နည်းပညာ အကူညီပေးလို့ တည်ဆောက် ဖြစ်သွားတာပါ'' ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။

မန္တလေးမြို့တွင်း လေးမြို့နယ်တွင် CCTV ကင်မရာ ၄၄ လုံး ကနဦး တပ်ဆင်မည် ဖြစ်ကာ ဖုန်းလိုင်းများ၊ ဆက်သွယ်ရေး စနစ်များဖြင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ၂၄ နာရီ မပြတ် စောင့်ကြည့်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

''ကနဦး လေးမြို့နယ်ကို အရင်တပ်သွားမယ်။ ကျန်တဲ့ ပြည်ကြီးတံခွန် မြို့နယ်ကိုတော့ နောက်ဘတ်ဂျက် အနေထားရ ဆက်လုပ်သွားမယ်။ မှုခင်းကျဆင်းရေးတင် မကဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရင် မလိုအပ်ဘဲ နစ်နာသေဆုံးမှုတွေ မဖြစ်ပွားအောင် စောင့်ကြည့်ကာကွယ် ပေးနိုင်မှာပါ'' ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

(မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၅ လမ်းထောင့်ရှိ မီးပွိုင့်တွင် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ထားသည်ကို တွေ့ရစဉ်)
Eleven Media Group