ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်ထုတ်ဝေခွင့်များ အစိုးရမှ အလွယ်တကူပေးသည့် သတင်းမမှန်၊ People Power သတင်းစာနှင့် ယနေ့သံတော်ဆင့်ဂျာနယ် ထုတ်ဝေခွင့်မချပေး

ပို့စ်တင်ချိန် - 11/22/2013 04:51:00 PM


    ထုတ်ဝေခွင့်ချက်ချင်း ရမယ်ဆိုလို့ ကျွန်တော်တို့ သတင်းစာထုတ်ဖို့ စီစဉ်တာပါ။ အခုလို ချမပေးတော့ ခုခေတ် ရုံးခန်းငှားခ၊ ၀န်ထမ်းစရိတ်တွေ (၅)လစာလောက် ဆုံးရှုံးနေပါပြီ . . .

 ရန်ကုန်၊ နိုဝင်ဘာ ၂၁

အစိုးရသစ်လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာနမှ စာပေကင်းလွတ်ခွင့် ပေးပြီး ပုဂ္ဂလိက သတင်းစာ ဂျာနယ်များကို ထုတ်ဝေ ခွင့် နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသော်လည်း အဆိုပါ ထုတ်ပြန်ချက်မှာ မမှန်က န်ကြောင်း တွေ့ရှိရသည်။ ရန်ကုန်မြို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ မှတစ်ဆင့် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ထုတ်ဝေခွင့် လျှောက်ထားခဲ့သည့် ပုဂ္ဂလိက သတင်းစာ ဂျာနယ်များဖြစ်သော People Power  (ပြည်သူ့အာဏာ) သတင်းစာနှင့် ယနေ့ သံတော်ဆင့် ဂျာနယ်တို့ ထုတ်ဝေခွင့်မှာ ယနေ့(နိုဝင်ဘာ၂၁)အထိ ခွင့်ပြုချက် မရသေးကြောင်း၊ ၎င်း ထုတ်ဝေခွင့်များသည် အစိုးရ ပြန်ကြားရေးမှ ပြောကြားသလို တစ်ရက် မဟုတ်ဘဲ တစ်လခန့်ပင် ကြာမြင့်နေပြီး ထုတ်ဝေခွင့်ကို ကိုင်တွယ်သော ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ အရာရှိ ကြီးများသည် အကြောင်း အမျိုးမျိုးပြ၍ ထုတ်ဝေခွင့် ချထားပေးခြင်း မရှိကြောင်း ထုတ်ဝေခွင့် လျှောက်ထားသူများ ထံမှ သိရှိရသည်။

People Power (ပြည်သူ့အာဏာသတင်းစာ) ထုတ်ဝေခွင့်ကို လျှောက်ထားသူမှာ ဦးမောင်မောင်ဈာန် (စတီရီယို ခေတ်ဦး တေးရေးဆရာ) ဖြစ်ပြီး၊ ယနေ့ သံတော်ဆင့်သတင်း ဂျာနယ် ထုတ်ဝေခွင့် လျှောက်ထားသူမှာ ရွှေနီလာစာပေတိုက် ထုတ်ဝေသူ ဒေါ်နီလာစိုးတို့ ဖြစ်သည်။ ဒေါ်နီလာစိုးသည် ရွှေနီလာ စာပေတိုက် လျှောက်ထားစဉ်က အလွယ်တကူ ခွင့်ပြုချက် အများနည်းတူ စနစ်သစ် အစိုးရ လက်ထက်တွင် ရရှိခဲ့သည်။ ယခုအခါ လျှောက်ထား စဉ်က နေ့ချင်းပြီး ရရှိနိုင်သည်ဟု မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ သိရှိ ရသော်လည်း ရက်ပေါင်း (၂၀)ကျော် …တစ်လခန့် ကြာမြင့်သည့်တိုင် ထုတ်ဝေခွင့် မကျသေးသည်မှာ တာဝန်ခံ အရာရှိများက အထက်သို့ တင်ထားကြောင်း၊ အစည်းအဝေး ဆုံးဖြတ်မှ ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြန်လည် တုံ့ပြန်ခြင်းသာ ရှိကြောင်း ထုတ်ဝေခွင့် လျှောက်ထားသူများက  မြန်မာသံတော်ဆင့်သို့ ပြောသည်။ ““ထုတ်ဝေခွင့် ချက်ချင်းရမယ်ဆိုလို့ ကျွန်တော်တို့ သတင်းစာထုတ်ဖို့ စီစဉ်တာပါ။ အခုလို ချမပေးတော့ ခုခေတ် ရုံးခန်းငှားခ၊ ၀န်ထမ်းစရိတ်တွေ (၅)လစာလောက် ဆုံးရှုံးနေပါပြီ””ဟု People Power ဒုတိယ အယ်ဒီတာချုပ်(စီမံ) ဦးညိမ်းသူအောင်က ပြောပါသည်။

ယနေ့သံတော်ဆင့် သတင်းဂျာနယ်အတွက် ယခင်က ခွင့်ပြုချက် ရထားသည့် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ထုတ်ဝေသူက အမည်ဆင်တူရိုးမှား ဖြစ်နေသည်ကို သဘောတူ ခွင့်ပြုကြောင်း ထောက်ခံ ချက်စာနှင့် လက်မှတ်လိုအပ်၍ မူပိုင်ခွင့်ဌာနသို့ ပူးတွဲ တင်ပြခဲ့သော်လည်း ပြန်ကြားရေးမှ အကြောင်း တစ်စုံတစ်ရာ မပြန်ကြားခဲ့ပေ။

မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကို ဆက်သွယ်၍ မေးမြန်းခဲ့ရာ ““ကျန်တဲ့ ဂျာနယ် တွေကတော့ ဟုတ်တယ်။ ဒီဂျာနယ် (သံတော်ဆင့်)ကိုတော့ အထက်ကို တင်ပြပေးပါဆိုလို့ ကျွန်တော်တို့ တင်ပြထားတယ်။ အထက်ကနေ ပြန်ပြီးတော့ စိစစ်ပါဦးမယ် ပြောတယ်။ ပုံမှန် ဂျာနယ်ကတော့ ကျွန်တော် ချပေးနေတယ်လေ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယနေ့ သံတော်ဆင့်ဂျာနယ် ထုတ်ဝေခွင့် ချထားပေးရန် ကြန့်ကြာနေခြင်းအပေါ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး  ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို ဆက်သွယ်၍ မေးမြန်းခဲ့ရာ  ““ကျွန်တော်တို့ ဒီမှာ စိစစ်ပြီးတော့ အဖွဲ့နဲ့ အစည်းအဝေး လုပ်ပြီးမှ အခြေအနေ သိရပါမယ်။ သာမန် အားဖြင့်တော့ ချပေးပါတယ်။ သို့သော်လည်း နာမည်တူတာ လေးတွေနဲ့ တခြား ကိစ္စလေးတွေအတွက် အဖွဲ့နဲ့ စိစစ်ပါတယ်””ဟု ပြောကြားသည်။

မြန်မာသံတော်ဆင့်နှင့် ပတ်သက်၍ ယခင်လပိုင်းက မီဒီယာသမား တစ်ဦးဆို သူက အင်တာနက်တွင် တိုက်ခိုက် ရေးသား၍ အစိုးရထံ တိုင်စာပေးပို့ကြောင်း၊ သမ္မတရုံးမှ အစိုးရကို ဝေဖန် တိုက်ခိုက်သည့် ဂျာနယ် များကို အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားကြောင်း၊ အထူးသဖြင့် လူထုပုံရိပ်နှင့် မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ်များကို လုပ်ငန်းများ ရပ်ဆိုင်းရန် ဖိအားပေးမှုများ ရှိကြောင်း၊ အများပြည်သူ လက်ခံ အားပေး နေသည်ကိုပင်လျှင် အစိုးရနှင့် လူကုံထံများ၊ လူကြီးကတော်များက မုန်းတီးနေပြီး ဆင်းရဲသားများ ကြိုက်သော ဂျာနယ်ဟူ၍ ၀ါဒဖြန့်မှုများကို လုပ်ငန်းတူ မီဒီယာအချို့က သတင်း လွှင့်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခုကဲ့သို့ အစိုးရပိုင်းနှင့် ခရိုနီတချို့က မြန်မာသံတော်ဆင့်၏ ရေးသား ထောက်ပြမှုများကို မလိုလားသော သဘောထားများ ထွက်ပေါ် နေချိန်တွင် အစိုးရအနေဖြင့် မြန်မာသံတော်ဆင့်နှင့် ပတ်သက်သော ညွှန်ကြားချက် တစ်စုံတစ်ရာ ရှိ၊ မရှိ ပြန်/ဆက် ညွှန်ချုပ် ဦးရဲတင့်ကို မေးမြန်း စုံစမ်းရာ ““လောလောဆယ် မရှိသေးပါဘူး”” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းစာဂျာနယ် ထုတ်ဝေခွင့်များ အလွယ်တကူ ချပေးနေကြောင်း သတင်းများမှာ မှားယွင်းသော သတင်းသာဖြစ်ပြီး၊ အမှန်တကယ် ထုတ်ဝေ လိုသော နိုင်ငံသူ၊ နိုင်ငံသားများမှာ အစိုးရ၏ အောက်ခြေမှ လှည့်ကွက်များကို ခံနေကြရကြောင်း၊ အစိုးရ အနေဖြင့် ၎င်းတို့အပေါ် ထောက်ခံ ရေးသားသော သတင်းစာ ဂျာနယ်များကိုသာ လိုလားသည်မှာ ပေါ်လွင် နေပြီး၊ ဝေဖန်ထောက်ပြသော သတင်းစာ ဂျာနယ်များကို  မလိုလားကြောင်းလည်း တွေ့ရှိနေရပြီ ဖြစ်ကြောင်း၊ ယခင် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင် ကော်မတီဝင်တစ်ဦးက သုံးသပ် ပြောကြားသည်။

Myanmartandawsint Newspaper