၂၄ နာရီအတွင်း PlayStation 4 တစ်သန်းကျော် ရောင်းချခဲ့ရ

ပို့စ်တင်ချိန် - 11/19/2013 01:47:00 PM


Sony ၏ PlayStation 4 ဂိမ်းစက် ရောင်းချမှုသည် တာထွက်တွင် အလွန်အောင်မြင်ခဲ့သည်။ သောကြာနေ့က မြောက်အမေရိကတွင် စတင် ရောင်းချခဲ့သည့် ဒေါ်လာ ၃၉၉ တန်ဖိုးရှိ ဂိမ်းစက်သည် ၂၄နာရီ အတွင်း အလုံးရေ တစ်သန်းကျော်အထိ ရောင်းချခဲ့ရသည်။ အဆိုပါ ရောင်းချမှုသည် PlayStation ဂိမ်းစက်များ ရောင်းချမှုတွင် အမြန်ဆုံး စံချိန်ဖြစ်ခဲ့သည်။

Sony Computer Entertainment မှ Worldwide Studios ဥက္ကဋ္ဌ Shuhei Yoshida ကလည်း PlayStation 4 ဂိမ်းစက်များကို ၂၄နာရီအတွင်း အလုံးရေ တစ်သန်းကျော် ရောင်းချခဲ့ရကြောင်း Twitter မှတစ်ဆင့် ဖော်ပြခဲ့သည်။

နည်းပညာမြင့် ထုတ်ကုန်များ အကြီးအကျယ် ထွက်ပေါ်လာတိုင်းတွင် ဂိမ်းစက်သုံးစွဲသူများ အဆင်မပြေမှုများ ကြုံတွေ့ရလေ့ရှိသည့် နည်းတူ PS4 ဂိမ်းစက်ပိုင်ရှင် အချို့သည် ၎င်းတို့၏ ဂိမ်းစက်သစ်များတွင် ရုပ်မပေါ်ခြင်း နှင့် အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း IGN ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့နောက် Sony ကုမ္ပဏီက သုံးစွဲသူများသည် PlayStation 4 နှင့် ပတ်သက်ပြီး ပြဿနာ အချို့ကိုတင်ပြခဲ့ကြောင်း၊ PS4 ဂိမ်းစက်နှင့် ပက်သက်ပြီး အပြုသဘောဆောင်သည့် အမြင်များကိုလည်း ရရှိထားကြောင်း၊ နောက်ထပ် ရောက်ရှိလာသည့် တင်ပြချက်များကိုလည်း ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ သို့သော် မိမိတို့အနေဖြင့် တာထွက်ကောင်းမွန်ခြင်းကြောင့် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ဟု ထင်မြင်ကြောင်း IGN ထံ ပေးပို့ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Sony သည် PlayStation 4 ဂိမ်းစက်ကို နိုဝင်ဘာလ ၂၉ တွင် ဥရောပနှင့် လက်တင်အမေရိက၌ ဖြန့်ချိသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် ဖြန့်ချိသွားမည်ဟု သိရသည်။

Ref: USAToday
Internet Journal