ကျပ် သိန်းပေါင်း တစ်သောင်းကျော်တန် Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် နယ်စပ်မှ သွင်းရာတွင် ဖုံးအုပ်ကာ အလုံပိတ် ပုံစံမျိုးဖြင့် ပြောင်းလဲတင်သွင်း

ပို့စ်တင်ချိန် - 11/28/2013 09:23:00 AM



(နိုဝင်ဘာ ၂၇ ရက်က ငြိမ်းချမ်းရေးပါမစ်ဖြင့် Rolls Royce ကား နှစ်စီးနှင့် Lexus ကား တစ်စီးအား ဖုံးအုပ်၍ တင်သွင်းလာစဉ် )
ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန် ကြေးရှိ Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် တင်သွင်းရာတွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ ကားအမျိုးအစားကို အလွယ်တကူ မမြင်တွေ့နိုင်သည့် ဖုံးအုပ်သယ်ယူသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်း လာသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

ယခင်က ကားတင်သွင်းရာတွင် Rolls Royce ကဲ့သို့ကားများ အပါအ၀င် တန်ဖိုး ကီး၊ တန်ဖိုးနည်း မည်သည့်ကား အမျိုးအစားကိုမဆို ကားသယ်ယူသည့် ယာဉ်ကြီးများပေါ်တွင် မြင်မြင်ထင်ထင်တင်ကာ ငြိမ်းချမ်းရေး ပါမစ်များဖြင့် တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက်တွင်မူ ငြိမ်းချမ်းရေး ကားပါမစ်ဖြင့် တင်သွင်းလာသည့် Rolls Royce အမျိုးအစား ကားနှစ်စီးနှင့် Lexus အမျိုးအစား ကားတစ်စီး စုစုပေါင်း သုံးစီးကို မြ၀တီမှတစ်ဆင့် တင်သွင်းရာတွင် ဖုံးအုပ်ထားပြီးမှ ကားသယ်ဆောင်သည့် ယာဉ်ကြီးများဖြင့် တင်သွင်းသည့်ပုံစံ ပြောင်းလဲတင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။

အခွန်ကင်းလွတ်ခွင့်ရသည့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ကြေးရှိ Rolls Royce ကားမှာ ယခုအခါ အစီး ၂၀ ၀န်းကျင်အထိ ရှိလာပြီဖြစ် သည်။

Rolls Royce ကားတစ်စီးအား ပုံမှန်အခွန် ပေးဆောင်၍ တင်သွင်းမည်ဆိုပါက တစ်စီးလျှင် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်အရပ်ရပ်ပင် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ပေးဆောင်ရမည် ဖြစ်သည်။

ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ကြေးရှိ Rolls Royce ကားအား တင်သွင်းမည်ဆိုပါက အကောက်ခွန် ကျပ်သိန်း ၁၉၆၀၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ်သိန်း ၁၇၁၅ နှင့် ကညနယာဉ် မှတ်ပုံတင်ကြေး ကျပ်သိန်း ၄၈၉၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း ၈၅၀၀ ကျော်အထိ ပေးဆောင်ရမည် ဖြစ်သည်။

ထို့အတွက် ငြိမ်းချမ်းရေးပါမစ်ဖြင့် ၀ယ်ယူတင်သွင်းသူသည် ကျပ်သိန်း ၁၃၀၀၀ ၀န်းကျင်ကျသင့်မည့် Rolls Royce ကားတစ်စီးအား ကျပ်သိန်း ၅၅၀၀ ၀န်းကျင်ဖြင့် စီးနင်းနိုင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးပါမစ် တစ်စောင်လျှင် ယခုအခါ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိ တန်ကြေးရှိပြီး ပါမစ်ရသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများသည် ပါမစ်ဖိုးသာ အများဆုံး ရရှိကြခြင်းဖြစ်သည်။

ပါမစ်ဝယ်ယူ တင်သွင်းသူများနှင့် ကြားပွဲစားများမှာမူ ပါမစ်ဖိုးသာ ကုန်ကျပြီး ကျပ်သိန်း ၈၅၀၀ ကျော်အထိ အခွန်ကင်းလွတ်ခွင့် ရသွားသည့်အတွက် ပြည်သူ့ဘဏ္ဍာနှင့် ပါမစ်ဖိုးသာရသော ငြိမ်းချမ်းရေး အဖွဲ့အစည်းများသာ နစ်နာသွားခြင်းဖြစ်သည်။


Eleven Media Group