မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် SEA Games က အထောက်အကူ ဖြစ်မည်ဟု သူရဦးရွှေမန်းဆို

ပို့စ်တင်ချိန် - 11/24/2013 12:28:00 PM


နေပြည်တော်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် SEA Games ပြိုင်ပွဲသည် ပြောင်းလဲလျက်ရှိသည့် မြန်မာ့ဒီမိုကရေစီ အရေးတွင် အထောက်အကူတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် လက်ရွေးစင် ကစာသမားများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ နိုဝင်ဘာလ ၂၃ ရက်က ပထမဦးဆုံးအကြိမ် လာရောက် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

SEA Games ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကာ ပြောင်းလဲလျက်ရှိသော မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကို အထောက်အကူ ပြုကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ရန် စိတ်ဓာတ်၊ စည်းကမ်း အားလုံး ပြောင်းလဲရန် လိုအပ်ပြီ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထုကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက ထလော့ မြန်မာဟု နိုးကြားပေးစေနိုင်သည်ဟု ၎င်းကပြောဆိုခဲ့သည်။

လက်ရွေးစင် ကစားသမားများ အနေနှင့် မည်သည့်ကိစ္စမဆို အောင်နိုင်စိတ်ထက် အားကစား စိတ်ဓာတ်ဖြင့်သာ အနိုင်မခံ အရှုံးမပေးဘဲ စည်းကမ်းရှိရှိ တရားမျှတစွာ ယှဉ်ပြိုင်သင့်ကြောင်း၊ မြန်မာ တစ်မျိုးသားလုံးအတွက် အောင်မြင်မှုများ ရရှိအောင် ကြိုးစားပေးစေ လိုကြောင်းလည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ မြန်မာနိုင်ငံ အနေနှင့် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာမှ အဆင့်သုံးအတွင်း ရရှိရန် ပြင်ဆင်ထားကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ ယခုပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဖြည့်စွက် ပြောကြားသည်။

The Voice Weekly