လျှပ်စစ်မီး ဖြန့်ချိရေးအထောက်အကူဖြစ်ဖို့ ADB က သန်း ၆ဝ ထုတ်ချေး

ပို့စ်တင်ချိန် - 12/10/2013 09:30:00 PM


 ဓာတ်ပုံ- Heal Burma

အာရှဖွံ့ဖြိုးရေး ဘဏ် ADB က မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ဖြန့်ချိရေး ကွန်ရက် လုပ်ငန်းတွေ လုပ်ဖို့ အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငွေကို ထုတ်ချေးလိုက်ပါတယ်။

အခု ဒေါ်လာ သန်း ၆၀ ဆိုတဲ့ ပမာဏ ဟာ နေ့စဉ် လျှပ်စစ်မီး မဖြစ်မနေ အသုံးပြုနေရတဲ့ ဒေသ ၄ ခုက အိမ်ခြေ ၅ သိန်း နီးပါး အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်လို့ energy-business-review အွန်လိုင်း သတင်းတခုက ဆိုပါတယ်။

ADB ဒု ဥက္ကဋ္ဌ စတီဖင် ဂရော့ဖ်က လျှပ်စစ် မီး အသုံးပြုရေးဆိုတာ ဖွံ့ဖြိုးရေးအတွက် တကယ့် အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လက်ရှိ လျပ်စစ် ဖြန့်ဖြူးမှုဆိုင်ရာ တည်ဆောက်မှုပုံစံတွေကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး ပိုမိုကောင်းမွန်အောင် လုပ်လိုက်ရင် လျပ်စစ်စွမ်းအင်ဆုံးရှုံးမှုတွေလည်း သက်သာသွားမှာ ဖြစ်သလို အရင်ကထက် သဘာဝအရင်းအမြစ်တွေကို ပိုပြီး အကျိုး ရှိရှိ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောထား ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးဖြန့်ဖြူးဝေငှမှုဟာအတော်အားနည်းနေပြီး ဒီကိစ္စဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဟန့်အတား တခုဖြစ်နေတာ အားလုံးအသိပါ။

အခုလို ADB က အကြွေးတွေထုတ်ချေးလို့ ဒီကိစ္စက တနိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး နေ့စဉ် အလုံအလောက် ရဖို့ ဆိုတာ မသေချာသေးပါဘူး။

လျှပ်စစ်မီးကို အားကိုးပြီးလုပ်ကိုင်နေရတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကနေ အကြီးစား စက်ရုံ အလုပ်ရုံတွေ၊ လုပ်ငန်းကြီးတွေထိ လျှပ်စစ်မီး ပြဿနာက လုပ်ငန်းရှင်တိုင်း ရင်ဆိုင်
နေကြရ တာပါ။

မနှစ်ကနဲ့ ဒီနှစ်အတွင်းမှာလည်း လျှပ်စစ်မီး မလုံလောက်မှုတွေကြောင့် ရန်ကုန်နဲ့ မြို့နယ်အတော်များများ မှာ လျှပ်စစ်မီး အလုံအလောက်ရရှိရေး ဆန္ဒပြကန့်ကွက်မှုတွေလည်း ဆက်တိုက်ဖြစ်ခဲ့ကြပါတယ်။

အစိုးရကတော့ မီးစက်တွေသုံးပြီး တချို့နေရာတွေမှာ ရေတိုဖြေရှင်းပေးမှုမျိုး ရှိပေမယ့် ခိုင်မာတဲ့ လျှပ်စစ်
ဖြန့်ဝေမှု၊ လုံ လောက်တဲ့ လျှပ်စစ်မီး ဝေငှမှုမျိုးလည်း မဟုတ်ပါဘူး။

အခုလို ADB တို့ ကမ္ဘာ့ဘဏ်တို့က အကြွေးတွေယူပြီး လျှပ်စစ်မီး ကိစ္စ အထောက်အကူဖြစ်စေမယ့် စီမံကိန်းတွေ များများလိုပြီး လျှပ်စစ်မီး လုံလောက်လာတဲ့အခါ ကုန်ထုတ်လုပ်ငန်း တိုးမြင့်လာမှုတွေက တဆင့် တိုင်းပြည် ဝင်ငွေ ကောင်းကောင်း ပြန်ရပြီး အကြွေးတွေကို ခိုင်ခိုင်မာမာ ပြန်ဆပ်နိုင်မှာလည်း ဖြစ် ပါ တယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း Myanmar News