မန္တလေးကို အစိမ်းရောင်မြို့တော်အဖြစ် ပြောင်းလဲရန် ADB မှ လာမည့်ဇန်န၀ါရီတွင် စတင် သုတေသနပြုလုပ်မည်

ပို့စ်တင်ချိန် - 12/28/2013 10:15:00 AM


မန္တလေးကို အစိမ်းရောင်မြို့တော်အဖြစ် ပြောင်းလဲရန် ADB မှ လာမည့်ဇန်န၀ါရီတွင် စတင် သုတေသနပြုလုပ်မည်
မန္တလေးမြို့ကို အစိမ်းရောင်မြို့တော်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် လိုအပ်သည့်အချက်များကို အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၁၄ ခုနှစ်ဇန်န၀ါရီလမှ စတင်ကာ သုတေသနပြုသွားမည်ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၃) ဦးထွန်းကြည်က မဇ္ဈိမသို့ ပြောသည်။

ADB မှသုတေသနပညာရှင်များသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ရုံးထိုင်ကာ မန္တလေးမြို့နှင့် ပတ်သက်သည့် အချက်အလက်များကို တစ်နှစ်ခန့် လေ့လာသွားမည်ဖြစ်သည်။

“ADB က ဇန်န၀ါရီလထဲမှ ရုံးထိုင်ပြီး လေ့လာကြမှာ။ တစ်နှစ်လောက်တော့ သူတို့ဆီက ပညာရှင်တွေ လေ့လာကြမယ်။ စီမံကိန်းတွေအတွက်ကလဲ ချေးငွေနဲ့ လုပ်မှာဆိုတော့ အဲဒီပမာဏနဲ့ကိုက်ပြီး လိုအပ် တဲ့စီမံကိန်းတွေ လုပ်သွားရမှာပေါ့”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၏ နှစ် ၃၀ အတွင်း တိုးလာမည့် လူဦးရေနှင့်အညီ သင့်လျော်သည့် စီမံကိန်းများ ဆောင်ရွက် ရန်အတွက် အချက်အလက်များကို လေ့လာစုဆောင်းသွားမည်ဖြစ်ပြီး ၎င်းဘဏ်အနေဖြင့် အဆိုပါစီမံ ကိန်းများအတွက် ကန်ဒေါ်လာသန်း ၆၀ ထုတ်ချေးပေးမည်ဖြစ်သည်။

ထို့အတူ မန္တလေးမြို့မှ အနွမ်းပါးဆုံး ရပ်ကွက် ခုနစ်ရပ်ကွက်အတွက်လည်း အကူအညီများ ထောက်ပံ့ ပေးမည်ဖြစ်ရာ ငွေကြေးတိုက်ရိုက်အကူအညီပေးခြင်း၊ သို့မဟုတ် ၎င်းရပ်ကွက်များ၌ လိုအပ်သည့်ကဏ္ဍ များ ADB မှ ဆောင်ရွက်ပေးခြင်းကိုမူ အတည်မပြုရသေးဟု ဦးထွန်းကြည်က ပြောသည်။

ADB ဘဏ်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ မန္တလေးမြို့၏ လူမှုလိုအပ်ချက်များကို သိ ရှိရန် အိမ်ထောင်စု ၆၀၀ ခန့်ကို စစ်တမ်းများကောက်ယူခဲ့ပြီး မြို့လူထုအသုံးပြုနေသော သောက်သုံးရေ၊ လျှပ်စစ်၊ လမ်း၊ အမှိုက် စသည့် အဓိကကျသည့် အချက်များကို အခြေခံကာ ကောက်ယူခဲ့ခြင်းဖြစ်သည်။
Mizzima Burmese