ထိုင်း သင်ခန်းစာ

ပို့စ်တင်ချိန် - 12/01/2013 07:21:00 AM


ထိုင်းသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဖြစ်ပြီး ဆင်တူသော ယဉ်ကျေးမှု ရှိသည်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြခြင်းလည်း တူသည်။ လူဦးရေအားဖြင့် အလယ်အလတ်တန်းနိုင်ငံ ဖြစ်ခြင်းလည်း တူသည်။ တပ်မတော် သြဇာကြီးသည်ချင်းလည်း တူပြန်သည်။ မတူသော အရာတော့ ရှိသည်။ ယင်းမှာ ထိုင်းသည် ကိုလိုနီအဖြစ် ပြင်ပ အင်အားကြီးနိုင်ငံ တစ်နိုင်ငံက စနစ်တကျ ကြီးစိုး အုပ်ချုပ်မခံ ခဲ့ရဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် ပဒေသရာဇ် စနစ်သည် ၁၉၃၀ ကျော်ကာလ များအထိ အခြေမပျက် ရှိနေခဲ့သည်။ ၁၉၃၀ ကျော်တွင် စစ်တပ်က အာဏာသိမ်းခဲ့ သော်လည်း စည်းမျဉ်းခံ ဘုရင်စနစ် အဖြစ် နိုင်ငံ့ အဆောင်အယောင် သဘောထားခဲ့သည်။ လက်ရှိဘုရင် ဘူမိဘော လက်ထက်တွင် ပြည်သူ ပြည်သားတို့၏ အရေးအရာများကို ကူညီခဲ့သဖြင့် ပြည်သူတို့၏ ကိုးကွယ်ခြင်း ခံရပြီး သြဇာ ကြီးမားလာသည်။ နိုင်ငံရေး အင်အားစု အချင်းချင်း အငြင်းပွားလျှင် ဒိုင်လူကြီးနေရာက ဝင်ရှင်းပေးသည်မှာ နန်းတော် ဖြစ်သည်။ နန်းတော် ဆိုသည်ထက် ဘုရင် ဘူမိဘောဟု ဆိုလျှင် ပိုမှန်သည်။

Establishment ဟု ခေါ်သော အစဉ်အလာအရ သြဇာကြီးသူများသာ လွှမ်းမိုးထားသည့် ထိုင်း နိုင်ငံရေးသည် သက်ဆင် ဝင်ရောက်လာသောအခါ တော်လှန် ပြောင်းလဲသွားသည်။ သက်ဆင်သည် Establishment မှ မဟုတ်ဘဲ စည်းအပြင်မှလူ ဖြစ်သည်။ ရဲတစ်ဖြစ်လဲ စီးပွားရေး လုပ်ငန်းရှင်ကြီး သက်ဆင်သည် နိုင်ငံရေးတွင်း ဝင်ရောက်လာပြီး ခပ်မြန်မြန် သွက်သွက် လှုပ်ရှား၊ ပါတီထောင်၊ ရွေးကောက်ပွဲနိုင်ကာ ဝန်ကြီးချုပ် ဖြစ်လာသည်။ သူသည် ထိုင်းနိုင်ငံ၏ အစဉ်အလာ နိုင်ငံရေးသမားတို့ လျစ်လျူရှုထားသော ကျေးလက်နေတို့ နှစ်သက်မည့် မူဝါဒများ ချမှတ်သည်။ လူပြိန်းကြိုက် မူဝါဒများ Populist Policies များသည် အများပြည်သူ ထောက်ခံမှု အကြီးအကျယ်ရသည့် မူဝါဒများ ဖြစ်သည်။ တစ်သက်တစ်ကိုယ် ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဟု သဘောပေါက်ခဲ့သော ထိုင်း ဆင်းရဲသူတို့သည် သူတို့ဘက်မှ ရပ်သည့် လူထူးလူဆန်း သက်ဆင်ကို ကြည်ညိုသွားကြသည်။ ပြည်သူတို့ အားကိုးကြောင်းကို မဲပုံးများက သက်သေတည်ကြရာ သက်ဆင်သည် ထိုင်းနိုင်ငံ သမိုင်းတွင် သက်တမ်းပြည့် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်သည့် ပထမဦးဆုံးသော ဝန်ကြီးချုပ် ဖြစ်လာသည်။

အာဏာကို သုံးစွဲပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများမှ တစ်ဆင့် ကိုယ့်အိတ်ကပ်ထဲ ကိုယ်ထည့်သည်ဟု မြင်သော မြို့နေလူတန်းစားက သက်ဆင်ကို သဘောမကျ။ အပြင်လူ ဝင်လာခြယ်လှယ်သည်ဟု ဆိုကာ အစဉ်အလာ သြဇာကြီးသူ များကလည်း သက်ဆင်ကို မကျေနပ်။ ထိုင်းနိုင်ငံတွင် ဘုရင်ကို စော်ကားသည့် ပြစ်ဒဏ် Lese majeste law မှာ အာဏာအပြင်းဆုံး ဖြစ်ပြီး ဘုရင်ကို ပြိုင်ရန် ကြံသူတို့ အမုန်းခံရမြဲ ဖြစ်သည့်အတွက် သက်ဆင်ကို ဘုရင်နှင့် လှည့်တိုက်ကြသည်။ သက်ဆင် ကုလသမဂ္ဂ အစည်းအဝေး တက်ရန် ၂၀၀၆ ခုနှစ်တွင် ပြင်ပသို့ ရောက်နေချိန်တွင် ထိုင်း တပ်မတော်က အာဏာသိမ်းသည်။ သက်ဆင်သည် ဝရမ်းပြေး ဖြစ်ပြီး နိုင်ငံတကာတွင် လှည့်လည် နေထိုင်သည်။ သက်ဆင် အာဏာရစေခဲ့သော အခြေခံဥပဒေကို ပြန်ပြင်သည်။ သက်ဆင့်လူများကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်သည်။

ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပသော်လည်း သက်ဆင့်လူများပင် နိုင်ပြန်သည်။ သက်ဆင့်လူများ တက်သောအခါ အစဉ်အလာ သမားများ၊ မြို့သားများက ဆန္ဒ အကြီးအကျယ် ပြကြရာ အစိုးရ ပြုတ်ကျပြန်သည်။ အမျိုးမျိုးပြင်ရင်း ပိတ်ရင်း နောက်ဆုံး ဒီမိုကရက်ပါတီ နိုင်ပြီး အဘီဆစ် တက်လာသည်။

အဘီဆစ်ကို သက်ဆင်ဘက်သားများက ဆန္ဒ သဲသဲမဲမဲ ပြကြပြန်သည်။ နှစ်ဖက် ဆန္ဒပြသမားများ၏ တူညီသော ဗျူဟာမှာ မြို့တွင်း အဓိက နေရာများကို ပိတ်ဆို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ သက်ဆင် ဆန့်ကျင်ရေး သမားများက ဘုရင့်အရောင် ဖြစ်သည့် အဝါရောင်အဝတ်များ ဝတ်ဆင်ကြရာ ရှပ်ဝါများဟု ခေါ်တွင်ကြသည်။ သက်ဆင်ဘက်သား များက အနီရောင် ဆင်မြန်းကြရာ ရှပ်နီများဟု နာမည်တွင်သည်။ ရှပ်ဝါများက ရှပ်နီများကို ‘လူအ’ များ၊ သက်ဆင် လှည့်တိုင်း ရသူများဟု အထင်သေးကြသည်။ ရှပ်နီများကလည်း ရှပ်ဝါများသည် ဒီမိုကရေစီကို ဆန့်ကျင်သူများ၊ အာဏာကို ခွဲမပေးလိုသူများဟု စွပ်စွဲကြသည်။

ယခု နောက်ဆုံးအကြိမ်တွင် သက်ဆင်၏ ညီမငယ် မိန်းမချော ယင်းလပ်က ကိုလူချော အဘီဆစ်ကို နိုင်ပြီး ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်နေသည်။ရာဇဝတ်ကောင် အဖြစ် အမိန့်ထုတ် ခံထားရသည့် အစ်ကို သက်ဆင် အပါအဝင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် စသည်တို့ပါ လွတ်ငြိမ်းချမ်းသာခွင့် ရစေမည့် Amnesty Bill ဥပဒေကြမ်းကို ယင်းလပ်က တင်သွင်းရာမှ ယခုကဲ့သို့ အခင်းဖြစ်ပွားခြင်း ဖြစ်သည်။ သည်တစ်ပွဲလည်း တော်ရုံနှင့် မပြီးဟု အကဲခတ်များက သုံးသပ်ကြသည်။

ထိုင်းသည် အဆိုးကျော့ သံသရာအတွင်း နစ်နေပြီး တစ်ဖွဲ့အာဏာရလိုက် နောက်တစ်ဖွဲ့က ဖြုတ်ချလိုက်ဖြင့်သာ ဂျာအေးသူ့အမေရိုက် နေသည်ဟု ပြည်တွင်းပြည်ပက မြင်လာကြသည်။ ရွေးကောက်ပွဲဖြင့် တက်လာသူကို လေဆိပ် ပိတ်ဆို့ ဆန္ဒပြခြင်း၊ စီးပွားရေးအတွက် အဓိကကျသည့် နေရာများကို ပိတ်ဆို့ ဆန္ဒပြခြင်း၊ စစ်တပ်က အာဏာသိမ်းခြင်း နည်းတို့ဖြင့် ဖြုတ်ချကြသည်။

Populist Policies များသည် သက်ဆိုင်သူတို့ကို အောင်ပွဲခံစေသည်။ ထိုသို့ လူပြိန်းကြိုက် မူဝါဒများသည် ရေရှည်အတွက် ကောင်း၊ မကောင်း မသေချာ သော်လည်း လက်ခုပ်သံ ရသည်။ ထိုမူဝါဒများကို အကောင်အထည် ဖော်ရန် ငွေကုန်ကြေးကျတို့ကို ပြည်သူ့ဘဏ္ဍာ ထဲမှသာ နှိုက်ယူ သုံးစွဲကြရာ အကျိုးမရှိလျှင် ပြည်သူသာ နာပေသည်။ သက်ဆင် လက်ထက်က Populist Policies များကို ဝေဖန် ရှုတ်ချခဲ့သော ဒီမိုကရက်ပါတီက နိုင်ငံဘတ်ဂျက် ပြဋ္ဌာန်းသောအခါ သက်ဆင်၏ လူပြိန်းကြိုက် မူဝါဒများထက်ပင် လူပြိန်းကြိုက် ပိုဆန်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။ ရန်သူလုပ်သည့် နည်းအတိုင်း လိုက်လံ ကျင့်သုံးကာ မဲရယူရန် ကြိုးစားခြင်း ဖြစ်သည်။



နိုင်ငံရေးသမား မှန်လျှင် အာဏာရရန် ကြိုးစားသည်မှာ ဓမ္မတာ ဖြစ်သော်လည်း အာဏာ လွန်ဆွဲပွဲတိုင်းသည် နိုင်ငံကို အကျိုးမပြုကြောင်း ထိုင်း သင်ခန်းစာက သက်သေပြသည်။

ထိုင်းတွင် အာဏာ သိမ်းသည့်အကြိမ် ဆယ့်ရှစ်ကြိမ် ရှိပြီ။ အခြေခံဥပဒေလည်း ဆယ့်ရှစ်ခု ရှိပြီ။ ထိုမျှနှင့်ပင် ရပ်မည် မဟုတ်ဟု ထင်ရသည်။ အခြေခံဥပဒေ ရေးဆွဲရာတွင် ဝါအရင့်ဆုံးမှာ ထိုင်းတို့ ဖြစ်သည်ဟုပင် ပြက်လုံး ထုတ်ရမတတ်။ အခြေခံဥပဒေ တို့သည် နိုင်ငံရေး စနစ်ကို အခြေတည်ရာ ဖြစ်သော်လည်း တကယ် ဖြစ်ပျက်နေသည့် အာဏာ အခင်းအကျင်းကို မထင်ဟပ်လျှင် ရေရှည်မခံပါ။

ထိုင်းသည် ပုဂ္ဂိုလ်အခြေပြု နိုင်ငံရေး ဖြစ်နေသေးသည်။ ထိုင်းကို အာရှတွင် ရင့်ကျက်လာသည့် ဒီမိုကရေစီဟု ထောမနာ ပြုမှုများသည် ၂၀၀၆ နောက်ပိုင်းတွင် ဟာသသဖွယ် ဖြစ်လာခဲ့သည်။ ထိုင်းတွင် Institution များ သည် ခိုင်မာသယောင်ယောင်နှင့် ခိုင်မာမှု မရှိသေး။ ထိုင်း နိုင်ငံရေးတွင် အဓိကကျသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ သက်ဆင်နှင့် ဘုရင်တို့သာ ဖြစ်နေသည်။ သက်ဆင် မွှေလိုက်တိုင်း တိုင်းပြည်သည် ခါယမ်းသွားလေ့ရှိခြင်း၊ လက်ရှိဘုရင် နတ်ရွာစံလျှင် တိုင်းပြည် တည်ငြိမ်မှု ပျက်မည်ဟု ထိုင်း အများစုက ယုံကြည်နေခြင်းတို့က ထိုင်းနိုင်ငံတွင် Institution များ (အဖွဲ့အစည်းများ၊ စည်းမျဉ်း စည်းကမ်းများ) သည် အိပ်ရာပေါ် လဲနေသော ဘုရင်နှင့် ဝရမ်းပြေး သက်ဆင်တို့လောက်မှ အားမရှိဟူသော သဘောကို ဆောင်သည်။

ထိုင်းတို့ မှားတိုင်း မြန်မာတို့ လိုက်မှားရန် မလိုသော်လည်း ထိုင်းတို့ မှန်သွားသည့် အတိုင်း လိုက်မှန်နိုင် ပါသည်။ ထိုင်း အတွေ့အကြုံသည် မြန်မာတို့ အတွက် ယူတတ်လျှင် သင်ခန်းစာကောင်းပင် ဖြစ်သည်။

ဇေယျသူ
thevoicemyanmar