ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ရာဇ၀တ်မှုကျူးလွန်ခြင်းများရှိနေဆဲဖြစ်

ပို့စ်တင်ချိန် - 12/10/2013 12:00:00 AM


လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ရိုက်နှက်မှု စသည့်ပြစ်မှုများတွင် ရဲတပ်ဖွဲ့ဝင်အချို့ ကိုယ်တိုင်ကျူးလွန်မှုများ ရှိခဲ့သည်ဟု မကြာသေးမီကဖြစ်ပွားခဲ့သော မှုခင်းများကို ရည်ညွှန်းလျက် ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီးတွင် နိုဝင်ဘာ ၂၉ ရက်ညက ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအ၀င် လူ ငယ်လေးဦး နှင့် အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးတို့ စကားများရာမှ အပြန်အလှန်ခိုက်ရန်ဖြစ် ပွားခဲ့ကြပြီး သုံးဦးအဖွဲ့တွင် ပါဝင်သူတစ်ဦးမှာအဆုတ်ကွဲဒဏ်ရာ၊ အစာအိမ်ပေါက်၊ ကျောက်ကပ်အတွင်း ထိုးသွင်းဒဏ်ရာတို့ရရှိကာ သေဆုံးခဲ့ရသည်ဟု မှုခင်းမှတ်တမ်းများတွင်ဖော်ပြသည်။

“ ပြည်သူကို စောင့်ရှောက်ရပြီး အမှုအခင်းတွေ လျော့ကျအောင် အဓိကတာဝန်ယူလုပ်ဆောင်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ဒီလိုမျိုးအမှုအခင်းမျိုး ကျူးလွန်မှုရှိနေတာတွေက လုံးဝမဖြစ်သင့်တဲ့ကိစ္စ တွေပါ။ ဒီလိုမျိုးပြစ်မှုတွေအတွက် ပြည်သူတွေကိုချမှတ်တဲ့ ပြစ်ဒဏ်ထက်ပိုပြီးကြီးတဲ့ ပြစ်ဒဏ်ကိုပေး စေချင်တယ်” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ ၀င်ဖြစ်သူ ရသေ့တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

လွန်ခဲ့သောလပိုင်းက ရွှေပြည်သာတံတားပေါ်တွင် တံတားလုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲဝန် ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ခဲ့သဖြင့် ဆိုင်ကယ်ကယ်ရီမောင်းများက ရဲကင်း သို့သွားရောက်ကာ ရဲဝန်ထမ်းများနှင့် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုဖြစ်ခဲ့သေးသည်။

နယ်ထိန်းရဲဝန်ထမ်းတစ်ဦးက ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦး အား သားမယားပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားမှုတစ်ခုလည်း လွန်ခဲ့သော နှစ်အနည်းငယ် ခန့်က ကြည့်မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မြို့တစ်ခုတွင်လည်း ရဲဝန်ထမ်းတစ်ဦးက အမျိုးသမီးကြီး တစ်ဦးအား ရိုက်နှက်ကာ ရတနာပစ္စည်းလုယက်မှုတစ်ခု ဖြစ်ပွားခဲ့ သေးသည်။

ယင်းတို့မှာ ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများ၊ ရဲမိသားစုများအား ရဲတပ်ဖွဲ့စည်းကမ်းများနှင့်အညီ ပြုမူနေထိုင် ကြရန် ကြပ်မတ်ညွှန်ကြားနိုင်မှု အားနည်းခြင်း နှင့် ပြစ်မှုကျူးလွန်မိသော ရဲဝန်ထမ်းများအား အပြစ်ပေး ရာတွင်လည်း အခြားရဲဝန်ထမ်းများအတွက် အလားတူပြစ်မှုများ မကျူးလွန်စေရန် စံပြပြစ်ဒဏ်များ ချမှတ်အရေးယူမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဥပဒေကျွမ်းကျင်ပညာရှင်များက ဝေဖန် ထောက်ပြလာသည်။

“ရဲဝန်ထမ်းတွေဆိုတာကလဲ လူတွေဖြစ်တဲ့အတွက် လူငယ်စရိုက်၊ အသက်အရွယ်စရိုက်အရ ပြစ်မှုကျူး လွန်မိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါတွေက ပြည်ထဲရေးရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပေါ်နေတာတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ဒီလိုမျိုးဖြစ်စဉ်တွေ ထပ်မံ မဖြစ်ပွားလာအောင် ကာကွယ်တားဆီးဆောင်ရွက်သွားဖို့ လိုနေပါပြီ” ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦတင်သန်းဦးကအကြံပြုပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အဆင့်မီစေရန် ဥရောပသမဂ္ဂ(အီးယူ)က သင်တန်းများတွင် အဓိကရုဏ်းများ၊ လူစုလူဝေးများအား အကြမ်းမဖက်ဘဲ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို အဓိက သင်တန်းပေးခြင်းဖြစ်နေပြီး ရဲကျင့်ဝတ်စည်းကမ်းများ၊ လုပ်ပိုင်ခွင့်တာဝန်များအား တိကျသေချာစွာ စောင့်ထိန်းရမည်ဆိုသော စိတ်ဓာတ်ရေးရာမြှင့်တင်ရေးသင်တန်းများပေးသည်ကို မတွေ့ရပေ။

ရဲစခန်းများတွင်လည်း ပြည်သူများ နှင့်ပြောဆိုဆက်ဆံရသော လုပ်ငန်းများ၊ အမှုအခင်းများတွင်လည်း ပြည်သူ့အပေါ် တန်ဖိုးထား ပြောဆိုဆက်ဆံခြင်းများ အားနည်းနေသေးကြောင်းနှင့် ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဆောင်ပုဒ်ဖြစ်သည့် “ကူညီပါရစေ”ဆောင်ပုဒ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက် ပေးမှုတွင် ယနေ့အချိန်ထိ အားနည်းနေသေးသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

ထို့ပြင် အမှုအခင်းများတွင်လည်း တရားခံဟု ယူဆထားသူများ၊ သံသယရှိခံထားရသူများအား ဖမ်းဆီး စစ်ဆေးရာတွင် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ထက် ပိုမိုကျော်လွန်လုပ်ကိုင်ခြင်းများလည်းရှိနေသည့် အတွက် အထူးပြုပြင်ပေးရန်လိုအပ်နေသေးသည်။

သာဓကတစ်ခုမှာ အရက်ဆိုင်မှ ပြန်လာသည့် လူငယ်တစ်ဦးအား မချေမငံပြောဆိုမှုကြောင့် ရဲစခန်းသို့ ခေါ်ယူရိုက်နှက်ရာမှ သေဆုံးခဲ့ရမှု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် အတွင်းဖြစ်ပွားခဲ့သည်။

ယင်းပြစ်မှုတွင် ရဲဝန်ထမ်းလေးဦး ပါဝင်ခဲ့ရာတွင် နှစ်ဦးကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး၊ တစ်ဦးကို ရာထူး လျှော့ချကာ ကျန်တစ်ဦးကို ထောင်ဒဏ်တစ်နှစ်ဖြင့် ရဲတပ်ဖွဲ့က အရေးယူထားသည်ဟု ကာယကံရှင် မိသားစုက ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမှုတစ်ခုတွင် လူသတ်သမားဟု သံသယရှိသူအား ဘုရင့်နောင် ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးရာမှသေဆုံးခဲ့ရမှုတစ်ခု ၂၀၁၂ ခုနှစ်အတွင်းမှာပင် ဖြစ်ပွားခဲ့ သည်။

ပဲခူးတိုင်းအတွင်းဖြစ်ပွားထားခဲ့သော ကျောင်းသားကလေးငယ်တစ်ဦး သေဆုံးခဲ့မှုတွင်လည်း ရဲဝန်ထမ်း အား ထောင်ဒဏ်နှစ်အနည်းငယ်သာ တရားရုံးက အမိန့်ချမှတ်ခဲ့သည့်အပြင် ဧရာဝတီတိုင်းတွင်ဖြစ်ပွား ခဲ့သော ရဲစစ်ဆေးစဉ် လက်ထိတ်နောက်ပြန်ခတ်လျက် အမျိုးသမီးတစ်ဦးရေထဲသို့ ခုန်ချသတ်သေမှု တစ်ခုတွင်လည်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးအား ထောင်ဒဏ်နှစ်အနည်းငယ်သာ ချမှတ်ခြင်းခံခဲ့ရ သည်။

ယင်းသို့သော အလားတူဖြစ်စဉ်များလည်း အများအပြား ဖြစ်ပွားထားခဲ့ရာ ရဲဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်လုပ်ပိုင်ခွင့်များအား ဥပဒေပြင်ပအထိ ကျော်လွန်လုပ်ကိုင်မှု မရှိစေရန် အထူးဂရုပြုရမည့် အခြေ အနေသို့ ရောက်ရှိလာပြီဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ထောက်ပြသည်။

ပြစ်မှုကျုးလွန်သူ ရဲဝန်ထမ်းများအား အပြစ်ပေးအရေးယူရာတွင် ထိရောက်ဟန့်တားမှု မရှိသောပြစ်ဒဏ် များဖြင့်သာ အရေးယူခြင်းခံနေရပြီး အလားတူပြစ်မှုများအား အခြားရဲတပ်ဖွဲ့များ ထပ်မံကျူးလွန်ခြင်းများ မှ ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်များဖြင့် ကြပ်မတ်အရေးယူရန် လိုအပ်နေသေးသည်ဟု ထောက် ပြမှုများရှိနေသည်။

“ပြစ်မှုပြစ်ဒဏ်ပေးရာမှာ အနိမ့်ဆုံးကနေ အမြင့်ဆုံးထိ ပေးလို့ရပါတယ်။ ဒီနေရာမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှ တအောင် ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့လိုနေပါတယ်။ အဲဒီလိုမပေးတော့ ပိုပြီး လက်ရဲဇက်ရဲတွေ ရှိလာ တာပေါ့။ ရဲမှာလည်း ရဲလက်စွဲဥပဒေတွေ ရှိပါတယ်။ အဓိကတော့ ဥပဒေနဲ့အညီ အရေးယူပေးဖို့ပဲလိုပါ တယ်” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့် က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သော အမှုအခင်းများမှာ ရာခိုင်နှုန်းအားဖြင့် ဖြစ်လေ့ဖြစ်ထနည်းသော်လည်း အဖွဲ့အစည်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည့်အတွက် စနစ်တကျ ကြပ်မတ်ဟန့်တားမှုပြုနိုင် ရန် လိုအပ်နေပေသည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်အသစ်များ စုဆောင်းရာတွင်လည်း စနစ်တကျ ကြပ်မတ်သင့်နေပြီး အကျင့်စာရိတ္တ ပိုင်းဆိုင်ရာများ၊ ပြင်ပတွင် ပြစ်မှုကျူးလွန်ခြင်းရှိ၊ မရှိစသော အချက်အလက်များအား စနစ်တကျ စိစစ်ကြပ်မတ်သင့်သည်ဟု ယခင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့(ယခု လူကုန်ကူးမှုတားဆီးနှိမ် နင်း ရေးတပ်ဖွဲ့)မှ အဖွဲ့ခေါင်းဆောင် အငြိမ်းစား ဒုတိယရဲမှူးကြီးဦးညွန့်လှိုင်က အကြံပြုပြောဆိုသည်။

“ရဲတွေကိုယ်တိုင်က အဓမ္မမှုကျူးလွန်တာကတော့ ရုပ်အရမ်းဆိုးတာပေါ့။ ရဲလက်စွဲ ဥပဒေအပြင်၊ အခြား ဥပဒေနဲ့ပါ အရေးယူခံရမှာပေါ့။ ဒါတွေက ကြပ်မတ်လို့ရပါတယ်။ ဒါဆိုရင်တော့ လျော့ပါးသွားနိုင်ပါ တယ်”ဟု ဦးညွန့်လှိုင်က အကြံပြုသည်။

Written by  ဇော်ဇော်ထွေး
Mizzima Burmese