တူနီးရှားနိုင်ငံတွင်း ဆင်းရဲမွဲတွေမှုအတွက် ရုန်းကန်နေရဆဲ

ပို့စ်တင်ချိန် - 12/23/2013 12:02:00 PM

ဓာတ်ပုံ – ရိုက်တာ

တူနီးရှားနိုင်ငံတွင်း မငြိမ်သက်မှုတွေ ပြီးခဲ့တာ ၃ နှစ် ကြာခဲ့ပေမယ့် အလုပ်လက်မဲ့အရေး၊ ဆင်းရဲမွဲတေမှု၊ တရားမ၀င်ကုန်ကူးမှုနဲ့ တခြား လူမှုရေးအကျပ်အတည်းတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

မြို့တော် တူးနစ်ရဲ့ တောင်ဘက်က အီကာဘာရီးယားဒေသကတော့ လူဦးရေ ၁ သောင်းလာက် ရှိပြီး ဆင်းရဲမွဲတေမှုနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ခိုလှုံရာလဲ ဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းမြင့်မှုနဲ့ ကျော်ကြားပါတယ်။

အရင်က နိုင်ငံရေးသမားတွေက လူတွေရဲ့ ငွေတွေကို ခိုးတယ်။ ခုတော့ ကုန်သည်တွေက ခိုးတယ်။ ဘာမှ မခြားနားပါဘူးလို့ ၂၀၁၁ သမ္မတ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ အလုပ်လက်မဲ့ တယောက်က ပြောပါတယ်။
သူဟာ အီတလီကို လွန်ခဲ့တဲ့ ၅ နှစ်က ခိုးဝင်ခဲ့ပြီး အလုပ်ရှာခဲ့တယ်။ ဒါပေမယ့် အီတလီအစိုးရက တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ခဲ့လို့ ၂ နှစ်နေပြီး ပြန်လာခဲ့ရတယ်။ ခုတော့ အလုပ်မရှိဘူးလို့ ပြောပါတယ်။

တရားဝင် အနိမ့်ဆုံးလစာက တူနီးရှားမှာ အမေရိကန်ဒေါ်လာ ၂၀၀ လောက် ရှိပြီး အယ်လ်ကာဘာရီယာမှာတော့ တကယ့်လစာက တ၀က်လောက်ပဲ ရှိတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် အခြေအနေကတော့ သိပ်ဆိုးလို့ ဖြစ်နိုင်ရင် အီတလီကို ပြန်ချင်တယ်လို့ သူက ပြောပါတယ်။ တူနီးရှားလူငယ် အများအပြားဟာ ဥရောပကို ခိုးဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၂၀၀၀ လျော့လျော့ကို သုံးပြီး ၁၂ နာရီ လှေစီးရင်း အီတလီတောင်စွန်းပိုင်းက လမ်ပေဒူဆာကျွန်းကို ရောက်ကြပါတယ်။ လူတိုင်းကတော့ ကံမကောင်းကြဘဲ တချို့ကတော့ မြေထဲပင်လယ်ထဲမှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

တူနီးရှားသမ္မတဟာ နိုင်ငံကို ၂၁ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ တိုင်းပြည်က ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာတော့ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်ရိုက်မှုတွေ ဆက်ဖြစ်နေပြီး လူမျိုးချင်း သွေးကွဲမှုနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
DVB Burmese