ပန်းဥယျာဉ်နှင့် အားကစားကွင်းများတွင် အဆောက်အအုံ များ ဆောက်လုပ်ခြင်းကို ဆန္ဒပြ

ပို့စ်တင်ချိန် - 12/10/2013 02:12:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်မြို့တော် စည်ပင်က ပြည်သူပိုင် အားကစားကွင်းများနှင့် ပန်းခြံများကို ပုဂ္ဂလိကပိုင် ပြုကာ အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုဘဲ အများပိုင် အားကစားကွင်း နေရာအဖြစ် ပြန်လည် သတ်မှတ်ပေးရေးအတွက် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ရှေ့နေများ ကွန်ရက်နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့တို့က ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရှေ့နေများ ကွန်ရက် အဖွဲ့ဝင် ဦးအေးမင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူ ၄၀ ခန့်သည် မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁၃) မူလတန်း ကျောင်းရှေ့မှ စတင်ကာ မဟာဗန္ဓုလပန်းခြံအထိ တစ်နာရီကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူ အားကစားဝင်း အပါအဝင် တာမွေမြို့နယ်ရှိ ရာပြည့် အားကစားကွင်းနှင့် အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများကို စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေး ပါတီများထံ အဆောက်အအုံ ဆောက်လုပ်ခွင့် ပြုထားခြင်းကြောင့် ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအေးမင်းက ဆိုသည်။
“သိမ်ဖြူကွင်းဆိုရင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ အများကြီး ထွက်ခဲ့ဖူးတယ်။ အခု ပုဂ္ဂလိကကို ချထားပေးတော့ အနာဂတ် မျိုးဆက်သစ်တွေရဲ့ ခြေထောက်ကို ရိုက်ချိုး လိုက်သလိုပဲ” ဟု ၎င်းကဆိုသည်။

အစိုးရတစ်ရပ် အနေနှင့် စီမံကိန်းများ ချထားပေးမည် ဆိုပါက ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် သက်ဆိုင်ရာ လွှတ်တော်သို့ တင်ပြရန် လိုအပ်ပြီး လွှတ်တော်က ခွင့်ပြုမှသာ ဆက်လက် လုပ်ဆောင် သင့်ကြောင်း၊ သိမ်ဖြူ အားကစားကွင်းကို အိမ်ရာ စီမံကိန်း ဖော်ဆောင်ရန် အတွက် ပုဂ္ဂလိကသို့ ချထားပေးမှုသည် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။
“စီမံကိန်းတစ်ခုဟာ ပြည်သူတွေအတွက် အကျိုးရှိမရှိ လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးမှ သဘောတူညီချက်ရမှ လုပ်ဆောင့် သင့်တာပေါ့။ ပြည်သူလူထုရဲ့ဆန္ဒမပါရင် ဘယ်စီမံကိန်းမှ မလုပ်သင့်ပါဘူး။ ဒါကြောင့် ဒီစီမံကိန်းတွေကို ရပ်ပြီး ပြည်သူကို ပြန်ပေးပါလို့ပဲ ပြောချင် ပါတယ်” ဟု ၎င်းကဆိုသည်။

မြို့ပြအိမ်ရာ စီမံကိန်း ဖော်ဆောင်ရာတွင်လည်း ပြည်သူများ အပန်းဖြေ နားနေနိုင်ရန်အတွက် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ မဖြစ်မနေ ထားပေးရန် လိုအပ်ကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ငွေကြေး တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ပါက ပြည်သူကို မျက်ကွယ်ပြုရာ ရောက်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

သိမ်ဖြူ အားကစားကွင်းကို ၁၉၉၂ ခုနှစ်က ယာဉ်မောင်း သင်တန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ကာ နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်အတွက် Asia Myanmar Consortium Development(AMCD) Co.,Ltd. သို့ ချထားပေးခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ အားကစားကွင်းကို ပြည်သူလူထု သို့ ပြန်လည် ပေးအပ်ရန် မရှိကြောင်း ရန်ကုန်မြို့တော်ဝန်က သြဂုတ် လအတွင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ မေးခွန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနကိုယ်စား ပြန်လည် ဖြေကြားခဲ့သည်။
The Voice Weekly Myanmar