ဘုန်းကြီးကျောင်းများတွင် အစိုးရသစ်လက်ထက် ရဲသတင်းပေး မထားတော့ဟုဆို

ပို့စ်တင်ချိန် - 12/10/2013 02:10:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၉

Moe Zay Nyein အမည်ဖြင့် Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည့် သံဃာလှုပ်ရှားမှုများ ထပ်မဖြစ်ပွားစေရန် မြန်မာနိုင်ငံ အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် သတင်း ရဲတပ်ဖွဲ့များက ရဲသတင်းပေးများကို လျှို့ဝှက်စွာ အမာခံ မွေးမြူထားသည် ဟု ဖော်ပြထားမှုမျိုး လက်ရှိ အစိုးရသစ် လက်ထက်တွင် မရှိတော့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကြိုတင် လက်ဦးမှု ရယူနိုင်ရန် သတင်းရဲတပ်ဖွဲ့မှ ရေးဆွဲခဲ့သည့် ‘ဘုန်းကြီးကျောင်းများအတွင်း အမာခံ သတင်းပေးများ မွေးမြူ ထိုးဖောက်ရေး စီမံချက်’ တွင် လှုပ်ရှားမှု ပြုလုပ်နိုင်သော သံဃာနှင့် ဘုန်းကြီးကျောင်းများ ရှာမှတ်ခြင်း၊ သံဃာနှင့် ကပ္ပိယများကို စည်းရုံး၍ သတင်းပေး မွေးမြူခြင်း၊ မိမိ တပ်ဖွဲ့ဝင် သို့မဟုတ် အမာခံများကို သံဃာ ကပ္ပိယအဖြစ် အသွင်ယူစေခြင်း၊ အရေးအခင်းတွင် ဦးဆောင် ပါဝင်နိုင်သော ဘုန်းကြီးကျောင်းများကို စောင့်ကြည့်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်း များတွင် သတင်းပေးတာဝန် ထမ်းဆောင်ခဲ့ သော ရဲတပ်ဖွဲ့ဝင်များ၏ အမည်နှင့် ရာထူး များကိုပါ ပူးတွဲ ဖော်ပြထားသည်ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့အတွင်း သတင်းများ ဖော်ထုတ်လေ့ ရှိသည့် Moe Zay Nyein အမည်ရ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

“၂၀၀၇-၂၀၀၈ ခုနှစ်တုန်းကတော့ ဘုန်းကြီးကျောင်းတွေမှာ သတင်းပေးအဖွဲ့တွေ ထားရှိခဲ့တယ်ဆိုတာ မှန်ပေမယ့် ခုတိုင်းရဲမှူးကြီး လက်ထက်မှာတော့ သတင်းပေး ထားတာမျိုး မရှိတော့ပါဘူး” ဟု ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိက ဆိုသည်။

၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး အမည်ရ သံဃာ့ အရေးအခင်း နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းများ အဓိက စောင့်ကြည့်ခြင်း ခံခဲ့ရသည်။

ဘုန်းကြီးကျောင်းများတွင် ရဟန်းဘောင် ဝင်၍ လျှို့ဝှက်သတင်း ရယူခြင်းသည် ၂၀၀၁ ခုနှစ် ကတည်းကပင် ရှိပြီး ဘုန်းကြီးကျောင်းရှေ့တွင် စောင့်ဆိုင်းကာ သတင်းရယူခြင်းမျိုးကို ကြုံတွေ့ရပြီး နိုင်ငံရေး ပွင့်လင်းလာသည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း သတင်းပေးများကို ထင်ထင်ရှားရှား မတွေ့ရကြောင်း၊ သို့သော် လျှို့ဝှက်ပြီး သတင်းရယူမှုရှိ မရှိကို အတတ်မပြောနိုင်ကြောင်း မန္တလေး မြို့တော် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အင်္ဂလိပ်ခေတ် ကတည်းကပင် ရဲသတင်းပေးများ ရှိခဲ့ပြီး ဒုစရိုက် နှိမ်နင်းရေးနှင့် ဒုစရိုက် ပပျောက်ရေးကို ကြိုတင် ကာကွယ် တားဆီးမှုများ ဆောင်ရွက်နိုင်ရန် သတင်းပေး ဝါသနာ ပါသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုနှင့် အခြားပဋိပက္ခများ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ်နိုင်ရန် မည်သည့် နေရာတွင်မဆို စိတ်ချရသော သတင်းပေးများကို ထားရှိရမည် ဖြစ်ကြောင်း၊ လက်ရှိ ကာလတွင်လည်း မြို့နယ်တိုင်းတွင် ရဲသတင်းပေးများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရဲသတင်းပေး (Informer) တွေ မွေးရမှာပါ။ ဒါပေမဲ့ ကိုယ်မွေးတဲ့ အင်ဖော်မာက သူခိုး ဓားရိုးကန်းတဲ့ လူမျိုးမဖြစ်ဖို့က အရေးကြီးတယ်။ နေရာတိုင်းမှာ ဖြစ်နေတဲ့ သတင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက သိရ အောင် သတင်းပေး မွေးထားရတာ။ သူတို့ လိုအပ်တဲ့ စားဝတ်နေရေးကိုတော့ ရဲတပ်ဖွဲ့က တတ်နိုင်သလောက် ထောက်ပံ့ ပေးရတာတော့ ရှိတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

Moe Zay Nyein ၏ Facebook လူမှုကွန်ရက်တွင် ဇွန်လ နောက်ဆုံးပတ်က ဘုန်းကြီးကျောင်းများ၌ သတင်းရဲတပ်ဖွဲ့၏ သတင်းပေးများ အမာခံ မွေးမြူထားသည့် စီမံချက် ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ အရေးယူရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းပေးပို့ထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရဲဌာနချုပ် သတင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အကြား အနုပညာရှင် အချို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည့် ရဲစစ်ဆေးချက် မှတ်တမ်းများကို Moe Zay Nyein ၏ Facebook လူမှုကွန်ရက် တွင် ဖော်ပြခဲ့သည်။
The Voice Weekly Myanmar