အင်တာနက်မမြန်သေးပါ

ပို့စ်တင်ချိန် - 12/04/2013 05:51:00 PM


အစိုးရသစ်လက်ထက် ပိတ်ထားသောတံခါးအတော်များများကို ဖွင့်ပေးခဲ့သည့်အထဲတွင် ပြည်သူများ အင်တာနက်ကို လွတ်လပ်စွာသုံးစွဲနိုင်သည့် အခွင့်အရေးပါဝင်လာသည်။

အင်တာနက်သုံးခွင့်ရဖို့ ယခင်လိုကျပ်သိန်းပေါင်းများစွာ ကုန်ကျရန်မလိုဘဲ လက်ကိုင်ဖုန်းတွင် ဘီလ်ကျပ်ငွေ တစ်သောင်းမျှရှိရုံဖြင့် မက်စ်ဆေ့ခ်ျပို့၍ လျှောက်ထားနိုင်သည်။ မိုဘိုင်းကွန်ရက်ချဲ့ထွင်လိုက်ခြင်းနှင့်အတူ ဖြေလျှော့မှုများကြောင့် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈ သိန်းနီးပါး တစ်နှစ်အတွင်း တစ်ရှိန်ထိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် အင်တာနက်မြန်နှုန်း(Connection)ကတော့ လွန်ခဲ့သည့်နှစ်များလိုပင် မထူးခြားနား နှေးမြဲနှေးဆဲဖြစ်သည်။

အစိုးရက တရားဝင်ထုတ်ပြန်ထားသောစာရင်းအရ အင်တာနက်သုံးစွဲသူ လေးဦးသာရှိခဲ့သည့် ၁၉၉၈ ခုနှစ်မှ ယနေ့ အင်တာနက်သုံးစွဲသူဦးရေ ၁၈ သိန်းနီးပါး တိုးလာသည်အထိ နှေးကွေးမြဲဖြစ်သော ကွန်နက်ရှင်ပြဿနာကို မဖြေရှင်းနိုင်သေးပါ။ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူဦးရေ ၉၀ ရာခိုင်နှုန်းခန့်ရှိနေသည့် မြန်မာနိုင်ငံတွင် ဗီဒီယိုဖိုင်များ၊ သီချင်းများကို ကြည့်ရှုရန်၊ ဒေါင်းလုတ်ရယူရန် မဆိုထားနှင့်၊ လူမှုကွန်ရက်ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ်တွင်ပင် စတေးတပ်တစ်ကြောင်းတင်ရန်ပင် အချိန်များစွာပေးနေရသေးသည်။

“အင်တာနက်က အပျော်သုံးတဲ့ ဖေ့စ်ဘွတ်ခ်လိုမျိုးတောင် ကောင်းကောင်းမဖွင့်တာ။ လုပ်ငန်းအတွက် အင်တာနက်၊ အီးမေးလ်ကို တွင်တွင်ကျယ်ကျယ်သုံးမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီအစိုးရသက်တမ်းမကုန်ခင်တော့ အင်တာနက်လေး လူလိုသူလိုသုံးချင်ပါတယ်”ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက JICA ၏ အကူအညီဖြင့် ဆီးဂိမ်းအမီ အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန် အင်တာနက် Bandwidth ကို 16.7 Gbps အထိ တိုးချဲ့ထားပြီး နိုဝင်ဘာလကုန်တွင် 19Gbps ၀န်းကျင် ဖြစ်လာမည်ဟုဆိုထားသည်။ ဆီးဂိမ်းတွင် အများဆုံးသုံးစွဲမည့် အနေအထားမှာ 2Gbps ခန့်သာရှိမည်ဖြစ်ပြီး ဆီးဂိမ်းကာလအတွင်း အခြားနေရာများတွင် ကွန်နက်ရှင်ပိုကျသွားစရာမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

၂၀၀၃ ခုနှစ်ခန့်က အင်တာနက်လှိုင်းနှုန်း Bandwidth 1 Mbps ဖြင့် သုံးစွဲခဲ့ရသော Bagan Cybertech ၏ လုပ်ငန်းများ ရုတ်တရက် ရပ်တန့်သွားစဉ်ကပင် ယခုကာလကဲ့သို့ နှေးကွေးလွန်းခြင်းမရှိခဲ့ကြောင်း ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူကပြောကြားသည်။ ထို့အပြင် ယခင်အစိုးရလက်ထက်က သုံးစွဲသူများကို ထိန်းချုပ်ရန် ၀က်ဘ်ဆိုက်အချို့ကို ကြားဖြတ်ကြည့်ရှုထားပြီး သုံးစွဲသူကို ထိန်းချုပ်သူကတစ်ဆင့် မူလ၀က်ဘ်ဆိုက်ထံ တစ်ဆင့်ခံ ချိတ်ဆက်ပေးခြင်းတို့ကြောင့်လည်း နှေးကွေးခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

“ဥပမာ User တစ်သိန်းပြည့်ရင် တစ်လုံးခွဲထုတ်လိုက်ရမှာကို User သန်းပေါင်းများစွာကို တစ်လုံးတည်းနဲ့ ထားတာမျိုးတွေပေါ့။ ဒါကို ထိန်းသိမ်းနိုင်မယ့် နိုင်နင်းတဲ့ ဒီဇိုင်းမရှိသေးဘူး။ တချို့ဝက်ဘ်ဆိုက်တွေဆို ကြားတွေကနေ အတုနဲ့ဝင်ပြီး ဖြတ်ပြီးထိန်းချုပ်ထားတာ။ စင်ကာပူတို့၊ တရုတ်တို့လည်း ဒါမျိုးလုပ်ပါတယ်။ အရင်တုန်းကတော့ ဒီလိုထိန်းချုပ်တာတွေက အမိန့်နဲ့သွားတာ။ အခုလည်း နိုင်ငံလုံခြုံရေးအရလုပ်ရင် မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဥပဒေအရ စနစ်တကျဖြစ်စေချင်တယ်။ တိကျတဲ့ဥပဒေတစ်ရပ်ရှိသင့်တယ်”ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးကမူ ၀က်ဘ်ဆိုက်များကို လွတ်လပ်စွာအသုံးပြုခွင့်ပေးထားပြီး ကြားကဖြတ်၍ ထိန်းချုပ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူများအတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသာ လိုင်းများကို အဓိကစီမံခန့်ခွဲပြီး ပုဂ္ဂလိကအင်တာနက်လိုင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ကိုယ်တိုင် Gateway များ ထူထောင်လုပ်ကိုင်ခွင့်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးနှင့်သာ အကျိုးတူပူးပေါင်းလုပ်ကိုင်ရခြင်း ဖြစ်သည်။ အင်တာနက်လိုင်းများ ဖြန့်ဖြူးရောင်းချလိုပါက မြန်မာ့ဆက်သွယ်ရေးထံမှ Gateway ကို အင်တာနက်မြန်နှုန်းပေါ်မူတည်၍ ငွေကြေးပေးသွင်းဝယ်ယူရပြီး ရောင်းချလိုသူက သုံးစွဲသူများထံ Bandwidth များခွဲ၍ သတ်မှတ်ရောင်းချရခြင်းဖြစ်သည်။

အင်တာနက်လိုင်းဖြန့်ဖြူးရောင်းချသူတို့တွင်လည်း အင်တာနက်လွှင့်ပေးသည့် တာဝါတိုင် Station များ တိုးချဲ့ချင်သလောက် ချဲ့လို့မရကြောင်း Redlink မှ လက်ထောက်ထွေထွေမန်နေဂျာ ကိုမျိုးမြင့်ညွန့်ကပြောသည်။

“ကျွန်တော်တို့ Provider တွေက တိုးချဲ့လို့မရဘူး။ ပြီးတော့ Gateway တွေက တစ်ခုပဲရှိသေးတယ်။ တိုးချဲ့ဖို့အတွက်က အကန့်အသတ်တွေရှိတယ်”ဟု ၎င်းကပြောကြားသည်။

အစိုးရပိုင်မြန်မာ့ဆက်သွယ်ရေးက ကြိုးမဲ့စနစ် WiFi ဖြင့် ရောင်းချခွင့်ကို Redlink ၊ ဂြိုဟ်တုနှင့်ချိတ်ဆက်၍ အင်တာနက်လိုင်းများသုံးစွဲခြင်း၊ MPS စနစ်ကို Sky Net ၊ ADSL နှင့် Fiber အင်တာနက်လိုင်းများအတွက် ရတနာပုံတယ်လီပို့၊ Fortune နှင့် မြို့နယ်များကို ဇုန်အလိုက် အင်တာနက်လိုင်းများ ခွဲဝေချထားပေးသည့်စနစ် FTTH ကို ELite ကုမ္ပဏီတို့အား လုပ်ပိုင်ခွင့် အသီးသီးပေးထားသည်။

ပုဂ္ဂလိကလုပ်ငန်းအားလုံးမှာ MPT ၏ Gateway တစ်ခုတည်းအောက်တွင် လုပ်ကိုင်ရခြင်းဖြစ်ပြီး သုံးစွဲသူများ မည်သည့်လိုင်းကိုသုံးသုံး ကွန်နက်ရှင်နှေးကွေးလေးလံမြဲဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးက ချထားပေးသည့် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်းမှာ နှေးကွေးလွန်းပါသည်။

ယခုနှစ်အတွင်း မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုများ ခွင့်ပြုခဲ့သည့်အတွက် လိုင်းအပြည့်မရခြင်း၊ ရေအောက်ကေဘယ်လိုင်းများနှင့် ထိုင်းဘက်မှ ကေဘယ်လိုင်းများကို ထပ်မံတိုးချဲ့ရန် ရှိသော်လည်း လက်ရှိတွင် စက်ပစ္စည်းပြည့်စုံလုံလောက်မှုမရှိခြင်း၊ Link ချိတ်ဆက်မှုအပိုင်းတွင် လိုအပ်ချက်ရှိခြင်း၊ Bandwidth တိုင်း လိုအပ်သည့်နေရာသို့ အပြည့်မရောက်ရှိခြင်း စသည့်လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ၀န်ခံပြောကြားသည်။

“ရန်ကုန်နဲ့ ကေဘယ်ဆက်ကြောင်းက လိုင်းချိတ်ဆက်ဖို့ လိုအပ်တဲ့ Transmission ပိုင်းတွေမှာလည်း အလုံအလောက်မရှိတော့ ဖြည်းဖြည့်ချင်းချဲ့ရတာ။ ဒါကြောင့် ကိုယ်ကအပြည့်ပေးလည်း မရောက်တာမျိုးတွေ၊ လိုင်းနှေးကွေးတာမျိုးတွေဖြစ်နေတာ”ဟု ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ သီချင်းရောင်းတဲ့အခါ သုံးစွဲသူတွေဘက်က အင်တာနက်လိုင်းမကောင်းလို့ သီချင်းတွေဒေါင်းရတာ စိတ်မရှည်လို့ မ၀ယ်တာတွေကြုံရတယ်”ဟု မြန်မာတေးစီးရီးများကို အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချသည့် Myanmar Music Store တည်ထောင်သူ ဦးကိုကိုလွင်ကပြောကြားသည်။

ကွန်နက်ရှင်လိုင်းများ ကောင်းမွန်မြန်ဆန်စေရန် ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးသင့်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုရှိလာစေရန် အစိုးရက ပံ့ပိုးပေးခြင်းသာဖြစ်သင့်ပြီး အင်တာနက်လိုင်းအားလုံးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တစ်ဦးတည်းလက်ဝါးကြီးအုပ်ထားခြင်းမျိုး မဖြစ်သင့်တော့ကြောင်း ဦးရဲမြတ်သူကပြောကြားသည်။

“ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ၀န်ဆောင်မှုမကောင်းတာကလည်း ဈေးကွက်ပြိုင်ဆိုင်မှုမဖြစ်လို့ပေါ့။ ဈေးကွက်ပြိုင်ဆိုင်မှုရှိရင် သူလုပ်တာညံ့ရင် ကောင်းတဲ့သူဆီက ၀ယ်သုံးမှာပဲ။ အစိုးရကလည်း ဖိုင်ဘာတစ်မီတာကို သိန်း ၃၀ လောက်ယူတယ်။ အပြင်မှာ ၁၅ သိန်းဈေးပဲရှိတယ်။ အများကြီးများနေတယ်”ဟု ၎င်းကပြောကြားသည်။

အစိုးရကချုပ်ကိုင်ထားခြင်းကြောင့် ပုဂ္ဂလိကကုမ္ပဏီများဘက်တွင်လည်း ၎င်းတို့အား လိုင်စင်ချထားပေးရန် ငွေကြေးအမြောက်အမြားသုံးစွဲနေရသည်။ ချုပ်ကိုင်မှုများမရှိတော့ပါက အာဏာပိုင်များကို ပေးရသည့်ငွေကြေးအား အင်တာနက်သုံးစွဲသူများအတွက် လိုင်းများမြန်ဆန်ကောင်းမွန်စေရန် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဦးရဲမြတ်သူကအကြံပြုသည်။

“ဆက်သွယ်ရေးက ဘာမှမလုပ်ရဘူး။ ဘာတွေလုပ်ရမယ်ဆိုတာကို သတ်မှတ်ပေးတဲ့ Regulatory Body ပဲဖြစ်ရမယ်။ သူချပေးတဲ့လုပ်ငန်းစဉ်ကို စရိတ်ခံပေးမယ်ဆိုရင် အဆင်ပြေမှာ။ ဒါမှမဟုတ် မြန်မာနိုင်ငံက လိုင်းမကောင်းရင် ဟောင်ကောင်တို့ စင်ကာပူတို့က လိုင်းတွေဝယ်မယ်။ ဒီမှာ Fiber တွေ ပြန်ဖြန့်မယ်။ အခုကျတော့ Fiber တွေကို ဆက်သွယ်ရေးကိုပဲအပ်ရ။ အစိုးရကပြန်ချပေးတဲ့ Bandwidth ကိုယူပြီး 512 ဘယ်နှလုံးဆိုပြီးကန့်ရောင်းရတာ။ အစိုးရက လွှတ်တဲ့ဟာမပြည့်ရင် ကိုယ်လည်းမပြည့်တော့ဘူး။ MPT က လက်ဝါးကြီးအုပ်နေတာ”ဟု ၎င်းကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် Telenor နှင့် Ooredoo ကုမ္ပဏီတို့က International Gateway များ ကိုယ်တိုင်စီစဉ်ခွင့်ရရှိမည်ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေကို အောက်တိုဘာ ၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သော်လည်း နည်းဥပဒေမထွက်သေးသောကြောင့် လုပ်ငန်းများ မစတင်နိုင်သေးပေ။ ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်းကိုးဆယ်အတွင်း နည်းဥပဒေထွက်ရှိရန် လုပ်ဆောင်နေပြီး ဇန်န၀ါရီအတွင်း နည်းဥပဒေထွက်ရှိလာမည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။

ယင်းနည်းဥပဒေအရ အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ (ISP)များအားလုံးကို အဆိုပါနည်းဥပဒေတွင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုထားပြီး International Gateway များကိုမူ လုပ်ထုံးလုပ်နည်းများနှင့်အညီ အစိုးရအဖွဲ့၏အကူအညီဖြင့် ခွင့်ပြုပေးမည်ဟုပါရှိကြောင်း ၎င်းကပြောကြားသည်။

“ISP လိုင်စင်ချပေးတာနဲ့ ပြည်တွင်းရော ပြည်ပကပါ လုပ်မယ့်သူတွေ အပြိုင်အဆိုင်ပေါ်လာလိမ့်မယ်။ အဲဒီကျရင် ၀န်ဆောင်မှုတွေပြိုင်ဆိုင်လာပြီး အင်တာနက်လိုင်းတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။

“အင်တာနက်လိုင်းကျသွားရင် အဓိကခက်ခဲတာက အီးမေးလ်ပေါ့။ ပြီးတော့ ၀က်ဘ်ဆိုက်တို့ ဖေ့စ်ဘွတ်ခ်တို့မှာလည်း သတင်းတွေ Update တင်တဲ့အပိုင်းမှာ အချိန်နဲ့တစ်ပြေးညီ မဖြစ်တာတို့ဖြစ်တယ်။ အင်တာနက်လိုင်းကျသွားတာနဲ့ မိုဘိုင်းနဲ့လှည့်သုံးရတယ်။ မိုဘိုင်းလည်း လိုင်းကျတယ်ဆိုပေမယ့် မရတဲ့အဆုံးသုံးရတာပဲ”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။

အိုင်တီဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာလူ့အဖွဲ့အစည်းကို အပြောင်းအလဲတစ်ခု၊ အရွေ့တစ်ခုဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယင်းအရွေ့ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် အဓိကကျသည့် အင်တာနက်ကွန်နက်ရှင်က မစွမ်းဆောင်နိုင်သေးပါ။ ယခုဆောင်းပါးအတွက် အင်တာနက်သုံးစွဲသူများထံ မေးမြန်းရာ ၉၀ ရာခိုင်နှုန်းခန့်က အင်တာနက်ကွန်နက်ရှင်မကောင်းခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်နေဆဲဖြစ်ပြီး ပေးရသည့်ငွေကြေးနှင့် ထိုက်တန်သည့် မြန်ဆန်သွက်လက်သော ကွန်နက်ရှင်ကို လိုချင်ကြောင်း ဖြေကြားပြောဆိုကြသည်။

ယခင်အခြေအနေနှင့်နှိုင်းယှဉ်လျှင် မြို့ကြီးများသာမက နယ်ဒေသများတွင်ပါ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအချို့တွင် ဖုန်းတစ်လုံးနှင့် အီးမေးလ်လိပ်စာများ ရှိလာခြင်းက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည့် အခြေခံအပြောင်းအလဲတစ်ရပ်၏အစဟု မြင်မိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ခေတ္တပြန်လည်ရောက်ရှိလာသည့် ဆောင်းပါးရှင် မခင်မေဇော်ကဆိုသည်။ သုံးစွဲသူ သိန်းချီတိုးလာသော်လည်း အင်တာနက်မြန်နှုန်းမကောင်းပါက လုပ်ငန်းတွင်ကျယ်တိုးတက်မည်မဟုတ်ပါ။

“မြန်မာပြည်မှာလည်း အင်တာနက်လိုင်းကောင်းလာဖို့ဆိုတာ အချိန်တစ်ခုတော့ စောင့်ရဦးမယ်။ နိုင်ငံခြားမှာ မီးပျက်တာကအစ ဆုံးရှုံးမှုအလိုက် တရားစွဲလို့ရတယ်။ ဒီမှာက အဲလိုလည်းမရဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေကို ကုန်ထုတ်စွမ်းအားနဲ့ နှိုင်းယှဉ်ရင်တော့ ဆုံးရှုံးတာများနေပါတယ်”ဟု ကွန်ပျူတာလုပ်ငန်းရှင်ဦးမင်းဦးကပြောကြားသည်။

ရေးသားသူ- အေးသူစံ၊ ဆွေမွန်၊ ဇော်မျိုးလှိုင်
7 Day News Journal