ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များ ပြန်လည်ပြင်ဆင်မည်

ပို့စ်တင်ချိန် - 12/31/2013 07:36:00 PM


အောက်တိုဘာလ ၁ ရက်မှစတင်၍ သတ်မှတ်ခဲ့သည့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် အစီအစဉ် ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ၂၀-၁၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ လက်ရှိ သက်မှတ်ထားသည့် အိမ်ခြံမြေစံနှုန်းများတွင် လက်ရှိပေါက်ဈေးများနှင့် အဆမတန်ကွာဟနေသည့် မြို့နယ်များလည်းရှိနေပြီး ထိုမြို့နယ်များ၏ အိမ်ခြံမြေ စံနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကာ ယခုသတ်မှတ်ထားသည့် စံနှုန်းနှင့် လက်ရှိတွင် ဈေးနှုန်း အပြောင်းအလဲဖြစ်လာသော နေရာများကိုလည်း စံနှုန်း ပြန်လည် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ သတ်မှတ်ပေးထားတဲ့ စံဈေးနှုန်းတွေအားလုံးကို ပြန်ပြင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြင်ပပေါက်ဈေးနဲ့ သတ်မှတ်ထားတဲ့ ဈေးကွာဟနေတာတွေကို ပြန်ပြင်မယ်။ တချို့ကလမ်းကျဉ်းနဲ့ လမ်းကျယ်ဈေးနှုန်းတွေမှာ ပြင်ပပေါက်ဈေးနဲ့ ကွဲလွဲနေတာလေးတွေ ရှိတယ်။ အဲဒါလေးတွေကို ပြန်သတ်မှတ်မယ်။ အဲဒီအတွက် အခုစာရင်းတွေ ပြုစုနေပြီ။ လာမယ့် ၃ လပိုင်းမှာ အထက်ကို ပြန်တင်ပြပြီးတော့ အတည်ပြုချက်ရရင် အသစ်သတ်မှတ်ချက်တွေကို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။ ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ သာကေတ အစရှိသည့် မြို့နယ်များရှိ စံဈေးနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "