ဒေါ်နော်အုန်းလှ ထပ်မံဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 12/07/2013 11:15:00 AM

မိကျောင်းကန်သပိတ်စခန်းတွင်တွေ့ရသော ဒေါ်နော်အုန်းလှ (Photo: Kaung Myat Moe)

7-12-2013 (Yangon Press International)

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်ပြီးယခင်လ ၂၉ ရက်က ဆန္ဒထုတ်ဖော် သူများထဲမှဒေါ်နော်အုန်းလှကို ယမန်နေ့က စမ်းချောင်းမြို့နယ် နေအိမ်တွင် ဖမ်းဆီးကာဒဂုံမြို့မရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း ၎င်းစခန်းမှ တာဝန်မှုးက မော်ကွန်းသို့ အတည်ပြုပြောကြားသည်။

"ကျွန်တော်တို့တရားရုံးရဲ့ဖမ်းဝရမ်းနဲ့ ဖမ်းတာပါ။ နောက်ကျန်တဲ့ နှစ်ယောက်ကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ်ပြီးဖမ်းဆီးသွားမှာပါ။ အခုကျွန်တော် တို့လုပ်ဆောင်စဲပါ” ဟုဖြေကြားခဲ့သည်။

ဒေါ်နော်အုန်းလှသည်ဒုတိယမြောက် ဖမ်းဆီးခံရသူဖြစ်ပြီး ယခုလသုံးရက်က Generation Youth မှ ကိုတင်ထွဋ်ပိုင်ကိုဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။ ဖမ်းဝရမ်း ထုတ်ပြန်ရာတွင်၎င်းတို့နှစ်ဦးအပါအ၀င်ရန်ကုန်ပြည်သူ့အကျိုးဆောင်အဖွဲ့မှ ကိုအောင်စိုးနှင့် Generation Youth မှ ကိုစည်သူဝင်းစုစုပေါင်းလေးဦးကို ၀ရမ်းထုတ်ကာ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ) (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုပျက်စီးစေမှု) နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ကိုစည်သူဝင်းက"ကျွန်တော်ကိုအဲဒီစခန်းကတင်ထွဋ်ပိုင် ကိုဖမ်းတဲ့နေ့ကဖုန်းဆက်တယ်။ပွင့်လင်းမြင်သာမှုမရှိဘူးဘာလုပ်ဖို့ခေါ်လည်းမေးတော့ `မေးစရာရှိလို့´ တဲ့ အဲ့ဒါကြောင့်မသွားခဲ့ဘူး။နောက်တင်ထွဋ်ပိုင်းကိုချက် ချင်းရုံးတင်ပြီးအင်းစိန် ပို့လိုက်ပြီ" ဟုမော်ကွန်းသို့ဖြေကြားခဲ့သည်။

ဆန္ဒထုတ်ဖော်မှုများစွာကိုပြုလုပ်ခဲ့ဖူးပြီးပုဒ်မ၁၈ ဖြင့် အမှုများစွာကိုကိုယ်တိုင်ခံ ၀င်ထိုး ကာအမှုရင်ဆိုင်လျက် ရှိသော်လည်း ယခုတရုတ်နိုင်ငံအလံမီးရှို့ဆန္ဒထုတ်ဖော်မှသာချက်ချင်းဖမ်းဆီးထိန်းသိမ်းမှုသည် တရုတ်နိုင်ငံကို မလွန်ဆန်နိုင်သောကြောင့် ယခုလိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

ဒဂုံမြို့မရဲစခန်းမှတာဝန်ရှိသူကတော့ "အရင်တုန်းက တရားရုံးတွေကပဲဆင့်ခေါ်တယ်။ဝရမ်း မထုတ်ဘူးဆိုတာက ၁၈နဲ့ပဲဆွဲတာလေ။ အခုက ၅၀၅(ခ)ပါ ပါတယ်ဆိုတော့ ဖမ်းဝရမ်းထုတ်ပြီးဖမ်းတာပါ”ဟုဖြေကြားခဲ့သည်။

ဒေါ်နော်အုန်းလှအားယခုလ ၅ ရက်က မော်ကွန်းမှ တွေဆုံမေးမြန်းရာ ၎င်းကို ဖမ်းဝရမ်း ထုတ်ပြန်ထားသည်ကို သိရှိသော်လည်းထိတ်လန့်မှုမရှိကြောင်း၊မိမိတို့သည် ပြည်သူအကျိုးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံနိုင်ကြောင်းနှင့် ပြည်သူ့အတွက် သာဆက်လက်ရပ်တည် သွားဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

“ဒီလိုအပြင်မှာရှိနေ့တော့အဆင်မပြေတာတွေ တွေ့ရင် ပြောချင်တယ်။လုပ်ချင်တယ်။ဟို(ထောင်)ထဲရောက် မှ နိုင်ငံရေးမလုပ်ဖြစ်မှာ၊အနားတောင်ရသေးတယ်”ဟု ဖြေကြားခဲ့သည်။

ဒေါ်နော်အုန်းလှသည်ယခင်လ ၁၅ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်ထဲတွင်ပါ ၀င်ကာ မန္တလေးအိုးဘိုထောင်မှလွတ်မြောက်လာပြီး ၂၁ရက်မြောက် အကြာတွင် ပြန်လည်ထိန်းသိမ်း ခံရခြင်းဖြစ်သည်။ ။

Myanma Spectrum