နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန်

ပို့စ်တင်ချိန် - 12/08/2013 01:46:00 PM


နေပြည်တော်၊ ဒီဇင်ဘာ ၇

လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။

အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။
“သမ္မတ ပေးပို့တဲ့ သဘောထား မှတ်ချက်ထဲမှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပဒေမှာ ထည့်ဖို့ မသင့်တာတွေ ပြန်ပါလာတယ်။ အဲဒီတော့ လွှတ်တော်မှာ ပြန်ဆွေးနွေး ရတာလည်း အချိန်ယူရတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့သော ဥပဒေများကို နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး အတည်ပြုခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေ အသက်ဝင်ရေး နှောင့်နှေး ကြန့်ကြာနေပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရန် နောက်ကျနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။

သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုနှင့် ဆက်ဆံရေး ပြေလည်မှု မရှိသည့် ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်မှု မရှိသော်လည်း ဥပဒေပြုရေး လွှတ်တော်တွင် အခက်အခဲ များစွာဖြင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးနေရကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ကိစ္စများတွင် နိုင်ငံနှင့် ပြည်သူအတွက် အခြေခံကျသော ဥပဒေများကို လိုအပ်သည်ထက် အချိန်ပိုယူကာ ညှိနှိုင်း အတည်ပြုခဲ့ရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးအဖြစ် လပေါင်း ၃၀ တာဝန်ယူခဲ့သော ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်းက အတည်ပြု ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၁၀၀၀ သုံးစွဲမည့်ငွေ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ပြည်နယ်မှ ခေါင်းဆောင်ပိုင်း များကို ညှိနှိုင်း လုပ်ဆောင်ခွင့် မပေးထားသောကြောင့် သဘောတူညီမှု မရှိဘဲ သဘောထားမှတ်ချက် ပြန်ပေးခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။

“သူတို့ဟာ သူတို့သုံး၊ သူတို့ဟာ သူတို့ ပြန်စစ်မယ် ဆိုတာက မရဘူး။ လိုအပ်လျှင် အစစ်ခံနိုင်သည် ဆိုတဲ့ သဘောလေးတော့ ပါတယ်။ လိုအပ်လျှင် ဆိုတာက မရဘူးလေ။ အစစ်ကိုခံရမှာ” ဟု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အတည်မပြုခြင်းနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံး၏ ညှိနှိုင်း ဆက်ဆံမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ယခုကဲ့သို့ ဆက်လက် လုပ်ကိုင် သွားရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly