ကြာညိုပြင်မှ အသတ်ခံရသူခလေးမအတွက်ကျပ်ငွေ ၅သိန်းလှူဒါန်း

ပို့စ်တင်ချိန် - 12/27/2013 01:30:00 PM


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသတ်ခံရသူ မမိမိငယ် (၆) နှစ်အတွက် မလေးရှား အခြေစိုက် ရခိုင်အဖွဲ့အစည်း တစ်ခုမှ ကျပ်ငွေ (၅) သိန်းလှူဒါန်းလိုက်သည်ဟု သတင်း ရရှိသည်။

ယင်းကူညီငွေအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တဆင့် မိသားစုများ ပေးပို့လှူဒါန်းခြင်း ဖြစ်ကြောင်း ပါတီ ပြောခွင့်ရသူ ဦးစံကျော်လှက ပြောသည်။

“ လှူတဲ့ အဖွဲ့က မလေးရှားမှာရှိတဲ့ ရခိုင်ပဋိပက္ခ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ ကျပ်ငွေ (၅) သိန်းပါ။ ဒီနေ့ဘဲ ဥက္ကဌ ဒေါက်တာ အေးမောင်ကိုယ်တိုင် ဦးစီးပြီး ကျောက်တော်မြို့မှာ အခမ်းအနားနဲ့ မိသားစုကို လွှဲပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မမိမိငယ်သည် ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီးဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက် (တန်ဆောင်မုန်း လပြည့်ကျော်) တစ်ရက်နေ့က သူမ နေထိုင်ရာ ကြာညိုပြင် ကျေးရွာ နေအိမ်မှ ရွာပြင်သို့ ခေါ်ယူ အသတ်ခံခဲ့ရသည်။
Burmesenews narinjara