အခြေခံဥပဒေ ပြင်ဆင်ရေး ကော့မှူးမြို့နယ် လူထုဆန္ဒ ခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ပို့စ်တင်ချိန် - 12/10/2013 03:41:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၉

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူမှု ပြုလုပ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကော့မှူးမြို့နယ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ ခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။

ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

ကော့မှူးမြို့နယ် အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ခံယူပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အဖျောက်ကျေးရွာ ဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ခံယူပွဲတွင် မိန့်ခွန်း ပြောကြားပြီးနောက် ၎င်း၏ မဲဆန္ဒနယ် ဖြစ်သော ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ် အခြေခံဥပဒေ ဆိုင်ရာ မိန့်ခွန်းကို ဒေသခံများ နားလည်လွယ်စေရန် အကျယ်တဝင့် ရှင်းလင်းမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီ တာဝန်ရှိသူများက ဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာအမျိုးသမီး ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးကို လူထုက ထောက်ခံသဖြင့် အလားအလာကောင်းများ ရှိနေကြောင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ယူမည်ဟု စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကြေညာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း လူထုဆန္ဒ ခံယူပွဲများ ပြုလုပ်ရာ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲရေးကို ရာခိုင်နှုန်း အနည်းငယ်သာ ထောက်ခံခဲ့သည်။
The Voice Weekly Myanmar