ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ

ပို့စ်တင်ချိန် - 12/23/2013 11:04:00 AM


ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။

“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။

သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။

ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာအများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။

ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။

ဉဏ်လှိုင်လင်း
Mizzima Burmese