ကိုကိုရေ လက်မသရမ်းနဲ့နော်

ပို့စ်တင်ချိန် - 12/31/2013 06:00:00 PM


ပုထုဇဉ် ယောက်ျား နှင့် မိန်းမတို့ အိမ်ရာထောင် ကြသည်မှာ ကမ္ဘာဦး ကတည်းက ရှိခဲ့သည်။ သို့သော် ယနေ့ ပစ္စက္ခကာလ လူသားတို့သည် ကမ္ဘာဦး လူသားတို့ထက် အသိဉာဏ်ပညာ ပိုမိုကြသည်။ လူမှု ယဉ်ကျေးမှု ထွန်းကား ခဲ့သည်။ လူသားချင်း စာနာ ထောက်ထား တတ်ကြသည်။ ယောက်ျား နှင့် မိန်းမတို့ တစ်ဦးနှင့် တစ်ဦး မေတ္တာ သက်ဝင် ချစ်ခင်စုံမက် ကြလျှင် ယဉ်ကျေးမှုအရ နှစ်ဖက် မိဘဆွေမျိုးများ သဘောတူ ခွင့်ပြုချက် အရ လက်ထပ် ပေါင်းသင်း နေထိုင် ကြသည်။ ထိုကဲ့သို့ မိသားဖသား ပီပီ လပ်ထပ် ပေါင်းသင်း ကြသည်ကို လူသားတိုင်း လက်ခံ ကြသည်။

သို့သော် အချို့သော သူတို့ကား ထိုသို့ မဟုတ်ချေ။ အားနွဲ့သည့် မိန်းမများကို ခွန်အား ကြီးမားသော ယောက်ျား များက ကိလေသာ ဇောရမ္မက်ဖြင့် လက်သရမ်း ကြသည်။ အနိုင်အထက်ပြု ၊ လက်ရောက် မှုများကို ကျူးလွန် တတ်ကြသည်။ အချို့သော မိန်းမများ ကလည်း မိန်းမ အချင်းချင်း ကိုပင် အနိုင်အထက် လက်ရောက်မှု ကျူးလွန်တတ် ကြသည်။ ထိုသို့ ကျူးလွန်ခြင်း ခံရသော မိန်းမ၏ ကာယိနြေ္ဒ ကိုပျက်စီး စေရန် အကြံဖြင့် ဖြစ်စေ ၊ ကာယိနြေ္ဒ ပျက်စီး စေမည်ကို သိလျက်ဖြင့် ဖြစ်စေ ပြုလုပ် ကြသည်။ မိန်းမက သဘောမတူ ၊ ခွင့်မလွှတ် ၊ မကြည်ဖြူ ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ အရ တရားစွဲဆို အရေးယူခြင်း ခံရပေမည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ ။ ။ မည်သူမဆို မိန်းမ တစ်ဦး၏ ကာယိနြေ္ဒ ပျက်စီးစေရန် အကြံဖြင့် သော် လည်းကောင်း ၊ ကာယိနြေ္ဒ ပျက်စီး စေတန်ရာ သည်ကို သိလျက်နှင့် သော် လည်းကောင်း ၊ ထိုမိန်းမကို လက်ရောက် ကျူးလွန်လျှင် သို့တည်းမဟုတ် ပြစ်မှု မကင်းသော အနိုင်အထက် ပြုမှုကို ပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်း ထားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ ကို ပြဋ္ဌာန်းခြင်း သည် ကာမရာဂ နှင့် စပ်လျဉ်း၍ သော် လည်းကောင်း ခွန်အားကြီး သူက အားနွဲ့သည့် အမျိုးသမီး များကို ကာယိနြေ္ဒ ပျက်စီးမှု အတွက် လည်းကောင်း အကာအကွယ် ပြုရန်အတွက် ဖြစ်သည်။ အားနွဲ့သည့် အမျိုးသမီးများ ကို စော်ကားလျှင် ခံရသူသည် အရှက်တကွဲ အကျိုးနည်း ဖြစ်စေ နိုင်သည်။ မြင်ရကြားရ သူများ သည်လည်း မခံချင်စရာ ဒေါသဖြစ်ပြီး ရာဇဝတ်မှုများ ကျူးလွန် နိုင်လေသည်။ ထို့ကြောင့် လူ့လောက ယဉ်ကျေးမှု ပျက်ပြားခြင်း နှင့် လူမှုဒုက္ခ အပေါင်းမှ ကင်းဝေးစေရန် ဥပဒေများ ပြဋ္ဌာန်း တားမြစ် ထားခြင်း ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်း ရခြင်းသည် ပြစ်မှု ကျူးလွန်သူကို ဥပဒေအရ အရေးယူ ဆောင် ရွက်ပြီး ပြစ်မှု ထင်ရှားပါက ထိုက်သင့်သည့် အပြစ်ဒဏ်များ ပေးရန်နှင့် ပြစ်မှုများ ကျူးလွန်ခြင်းမှ ကင်းဝေး စေရန်အတွက် ဖြစ်ပေသည်။ ဥပဒေသိ က ဥပဒေဘောင် အတွင်း နေထိုင်ခြင်းဖြင့် ဘေးကင်း ရန်ကွာ စိတ်ချမ်းသာ နေရလိမ့်မည် ဖြစ်ကြောင်း ၊ စေတနာကောင်း နှင့် ရေးသား လိုက်ရပေသည်။

ရှေ့နေ ဦးဝင်းကြည်(စဥ့်ကိုင်)