ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အကြမ်းဖက်သမားများ ၀င်ရောက်မှု မရှိစေရန် အင်တာပိုမှ တာဝန်ရှိသူများ ပြည်တွင်း၌ ရုံးထိုင်ပြီး စောင့်ကြည့်စစ်ဆေး

ပို့စ်တင်ချိန် - 12/13/2013 08:30:00 PM




မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော် ကာလအတွင်း လုံခြုံမှုရှိ စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အင်တာပို (အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့)တို့ ပူးပေါင်းပြီး အကြမ်းဖက်သမားများ ၀င်ရောက်မှု မရှိစေရန် စောင့်ကြည့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးချုပ်စိုးမြိုင်က ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

အကြမ်းဖက်သမားများကို စောင့်ကြည့် စစ်ဆေးရန် အင်တာပိုမှ တာဝန်ရှိသူများက ပြည်တွင်းရှိ ဟိုတယ်တစ်ခုတွင် ရုံးထိုင်၍ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်တွင်း၌ လုံခြုံမှုရှိစေရန် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာနိုင်သော လမ်းကြောင်းများ ဖြစ်သည့် ရေကြောင်းလမ်း၊ လေကြောင်းလမ်းနှင့် နယ်စပ်ဂိတ်ပေါက်များတွင် လုံခြုံရေး ဆောင်ရွက်မှုကို အထူးတင်းကျပ်စွာ ဆောင်ရွက်နေကြောင်း သိရသည်။

''မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်း ဒေသကြီးတို့အပြင် ပြည်တွင်းကို ၀င်ရောက်လာနိုင်တဲ့ လမ်းတွေကနေ အကြမ်းဖက် ပြုလုပ်မယ့်သူတွေ ၀င်ရောက်လာမှု ရှိ မရှိ ကို အင်တာပိုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ အင်တာပိုအနေနဲ့ လူဆိုးစာရင်းဝင် ဒေတာတွေကို တိုက်ရိုက်ကြည့်ရှုခွင့် အသုံးပြုခွင့် ပေးထားတယ်။ လုံခြုံရေး ဆောင်ရွက်တဲ့ အခါမှာ နည်းပညာ ပိုင်းတွေကိုလည်း ကူညီပေးထားတယ်။ ဒီလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ ရဲတပ်ဖွဲ့ဝင်တွေ မဆုံးဖြတ်နိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာရင် ကူညီဖို့အတွက် အင်တာပိုက တာဝန်ရှိသူတွေ ပြည်တွင်းကို ရောက်ရှိနေပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးချုပ် စိုးမြိုင်က ပြောကြားသည်။

ပြည်တွင်းသို့ ၀င်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် အင်တာပိုမှ စာရင်းပြုစုထားသည့် အကြမ်းဖက် စာရင်းဝင်သူများ၏ အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယခုကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် လုံခြုံမှုရှိစေရန် ရဲတပ်ဖွဲ့အင်အား ၂၀၀၀၀ ကျော် အသုံးပြု ထားကြောင်း (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော် လုံခြုံရေးဆပ် ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးထံမှ သိရသည်။

(ရန်ကုန်လေဆိပ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော လေကြောင်းရဲမေတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်))
eleven media group