ဧပြီတွင်ကျင်းပမည့် ရခိုင်အမျိုးသာညီလာခံ အရေးကြီးကြောင်း ဒေါက်တာအေးမောင်ဆို

ပို့စ်တင်ချိန် - 12/26/2013 01:42:00 PM


(နိရဉ္စရာ- ၂၆ ဒီဇင်ဘာ ၂၀၁၃)

၂၀၁၄ ခုနှစ် ဧပြီလအတွင်း ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံသည် ရခိုင်အမျိုးသားများအတွက် အထူးအရေးကြီးသော ညီလာခံ ဖြစ်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။

၎င်းညီလာခံတွင် ရခိုင်အမျိုးသားများ၏ အတွင်းအပြင်  ညီညွှတ်ရေးကို တည်ဆောက်နိုင်မည့်အပြင်  စုပေါင်းခေါင်းဆောင်မူ ပေးနိုင်မည့် ရခိုင်အမျိုးသားတပ်ဦး တစ်ခုကို ဖေါ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း နိရဉ္စရာမှ ပြုလုပ်သော အင်တာဗျူးတွင် သူက ပြောကြားသည်။

“ အဲဒီနေရာ မှာ လုပ်နိုင်ကိုင်နိုင်ပြီး အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘေးက၀ိုင်းရံပြီး လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေကို တပ်ဦးမှာ ရှေ့မှာတင်ပြီး ဒီဘက်ကို-  ပြည်တွင်းကိုလာပြီး ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်ထောင်စု ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အဓိက အဟန့်အတားတစ်ခု မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆိုသည်။

ယင်းပြင် ပြည်ပရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ တရားဝင် ပါတီများနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခွင့် ရရှိရေးအတွက်လည်း အစိုးရကို တောင်းဆိုကြောင်း သူကဆိုသည်။

“ အထောက်အကူဖြစ်လာအောင် လက်ရှိအစိုးရကလည်း အဲဒီက၀င်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို မတရားအသင်း ဥပဒေအရ ငြိမ်းစွန်းနိုင်တဲ့ ဥပဒေကို ပယ်ဖျက်ပြီး ပြည်တွင်းမှာရှိတဲ့ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ တရားဝင်ဆွေးနွေးပြီး ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။  ပြည်ထောင်စုရဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု တစ်စိတ်တဒေသအဖြစ် လက်ခံယုံကြည်ဖို့ နဲ့ ပြည်ထောင်စု အစိုးရက လုပ်ဆောင်ဖို့ ကဏ္ဍတွေကိုလည်း  ကျွန်တော်ပြည်သူတွေက တစ်ဆင့်  ပြည်ထောင်စု အစိုးရကို  ကျွန်တော် တောင်းဆိုခဲ့ပါတယ်” ဟု ဆိုသည်။

ဒေါက်တာ အေးမောင်က ပြည်ပရှိ နိုင်ငံရေး ပါတီ အဖွဲ့အစည်းများအနေဖြင့်လည်း စုစည်းညီညွှတ်ပြီး ပြည်တွင်းတွင် ညီညွှတ်မူအင်အားကို ပြရန်လိုကြောင်း ယခုလို တပ်လှန့် ပြောဆိုသည်။

“ အဲဒီ ညီညွတ်ရေးမှာ အထူးသဖြင့် လာမယ့် ၂၀၁၄ မှာ တပ်လှန့်ထားတဲ့ ရခိုင်အမျိုးသား ညီလာခံဟာ အရေးကြီးကြောင်း ကျွန်တော် ပြောလိုပါတယ်။ ရခိုင်ညီလာခံအတွက် ပြည်တွင်းမှာရှိတဲ့ အင်အားကြီး ရခိုင်နိုင်ငံရေးပါတီ ၂ ခုပူးပေါင်းရေး တာထွက်တာ ခုဆိုရင် ၂ လခွဲကျော်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။  ဒါကြောင့်လက်ရှိပြည်ပမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လက်ရှိမြန်မာအစိုးရက မတရားအသင်း ကြေငြာထားတဲ့ အဖွဲ့အစည်းတွေအားလုံး စုစည်းညီညွတ်စွာနဲ့ လာမယ့်အမျိုးသားညီလာခံမှာ တက်လာ ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။ အဓိက ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ တပ်ဦးဖွဲ့ပြီး ပြည်ပမှာ ညှိနိုင်းတိုင်ပင်ပြီး ရခိုင်တွေရဲ့ ညီညွတ်မှုကို ပြည်တွင်းကိုလာပြီးပြပါလို့ ပြောလိုပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ တစ်ခုကို လာမည့်နှစ် ဧပြီလအတွင်း နောက်ဆုံးထား ကျင်းပရန် ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး ပါတီ အဖွဲ့အစည်းများနှင့် လူမူ အဖွဲ့အစည်းခေါင်းဆောင်များက များမကြာမီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အကြိုဆွေးနွေးပွဲတွင် သဘောတူညီထားကြဟု သိရသည်။
Burmesenews narinjara