ဗဟိုအာဖရိက နိုင်ငံတွင် ပဋိပက္ခ များကြောင့် လူတစ်ထောင်နီးပါး သေဆုံး

ပို့စ်တင်ချိန် - 12/21/2013 07:00:00 AM


ဘန်ဂူ၊ ဒီဇင်ဘာ ၁၉

ဗဟိုအာဖရိက နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးနှင့် ဆက်စပ်သော ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သည့် သီတင်းနှစ်ပတ်တာ ကာလအတွင်း သေဆုံးသူ တစ်ထောင်နီးပါး ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထုတ်ပြန် လိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗဟိုအာဖရိက နိုင်ငံရှိ ပဋိပက္ခများကြောင့် သေဆုံးသူများ အရေအတွက်သည် ကုလသမဂ္ဂက ယခင် ခန့်မှန်းထားသည်ထက် ပိုမိုများပြားသည်။

ခရစ်ယာန် ပြည်သူ့စစ် လက်နက်ကိုင်များက ခရိုင်မြို့တော်များတွင် အိမ်ပေါက်စေ့တက်ကာ တိုက်ခိုက် သတ်ဖြတ်လျက် ရှိသောကြောင့် မွတ်ဆလင် ၆၀ ဦးခန့် သေဆုံးခဲ့ရသေးသည်ဟု Amnesty အဖွဲ့က နောက်ဆုံးရ သတင်းများကို ကိုးကားလျက် ဖော်ပြထားသည်။

မွတ်ဆလင် သူပုန်လက်နက်ကိုင် များကလည်း လက်စားချေ ပြန်လည် တိုက်ခိုက်လာပြီး သူတစ်ပြန် ကိုယ်တစ်ပြန် ပြင်းထန်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အစိုးရအာဏာ ရရှိထားသော မွတ်ဆလင် သူပုန်များက စစ်အင်အားဖြင့် ခရစ်ယာန် ပြည်သူ့စစ်များကို ပြန်လည် တိုက်ခိုက်နေပြီး အရပ်သား များကိုလည်း ပစ်မှတ်ထားလာသဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်သည် ၁၀၀၀ နီးပါး ရှိလာပြီဟုလည်း ဗဟိုအာဖရိကရှိ သတင်းရင်းမြစ်များက ပြောကြားသည်။

သေဆုံးသူများထဲတွင် အမျိုးသမီးများ၊ ကလေးများလည်း ပါဝင်သည်ဟု အချက်အလက်များကို စုဆောင်း ထုတ်ပြန်သည့် Amnesty International ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗဟိုအာဖရိက နိုင်ငံသို့ ပြင်သစ် အစိုးရက စစ်တပ် စေလွှတ်ကာ ငြိမ်းချမ်းရေး ထိန်းသိမ်းလျက်ရှိပြီး တရားမဝင် လက်နက်ကိုင်ဆောင်ပါက အင်အားသုံးပြီး တိုက်ခိုက် ချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်။

မွတ်ဆလင်သူပုန်များ အာဏာကို ထိန်းချုပ် နိုင်သွားပြီးနောက် တိုက်ခိုက်မှုများ ရှိလာရာ ခရစ်ယာန် များကလည်း ဒေသအဆင့် ပြည်သူ့စစ်များ ဖွဲ့ခဲ့ပြီး ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ရာမှ ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကို ပဋိပက္ခထဲ ပါဝင်တဲ့ အင်အားစုတိုင်းက လုပ်ဆောင် နေကြတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” ဟု Amnesty International ၏ ဗဟိုအာဖရိကရေးရာ ကျွမ်းကျင်သူ ခရစ္စတီယန်မူကိုဆာက ပြောကြားခဲ့သည်။

နိုင်ငံခြားတပ်များ ဝင်လာနေသော်လည်း သတ်ဖြတ်မှုများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသောကြောင့် ကုလသမဂ္ဂ အနေနှင့် ယင်းကိစ္စများ ရပ်တန့်စေရန်အတွက် လိုအပ်သည်များကို အမြန်လုပ်ဆောင် သင့်ကြောင်းလည်း သတိပေးထားသည်။

The Voice Weekly Myanmar