၂၀၁၂ခုနှစ်အတွင်း ငှက်ဖျားကြောင့် လူပေါင်း ၆ သိန်းကျော် သေဆုံး

ပို့စ်တင်ချိန် - 12/12/2013 02:05:00 PM


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ကမ္ဘာတ၀ှမ်း ​ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ​ပြီးခဲ့တဲ့ ​၁၃နှစ်အတွင်း ​ငှက်ဖျားရောဂါခံခဲ့ရသူတွေရဲ့ ​အသက်ပေါင်း ​သုံးသန်းကျော်ကို ​ကယ်တင်နိုင်ခဲ့တယ်လို့ ​ကျန်းမာရေးအဖွဲ့က ​တာဝန်ရှိသူတွေကပြောပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာ ​တိုးတက်မှုတွေရှိလာပေမယ့် ​ငှက်ဖျားရောဂါပိုးကြောင့် ​လူပေါင်း ​ခြောက်သိန်းထက် ​မနည်း ​သေဆုံးခဲ့ပြီး ​များသောအားဖြင့် ​အာဖရိကနိုင်ငံက ​ကလေးငယ်တွေဖြစ်ကြတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​နောက်ဆုံးထုတ်ပြန်တဲ့ ​၂၀၁၃ ​ခုနှစ် ​ငှက်ဖျားရောဂါ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားပါတယ်။

ကူညီထောက်ပံ့မှု ​အားနည်းတာတွေနဲ့ ​အခြေခံ ​ကုသကာကွယ်မှုတွေဖြစ်တဲ့ ​ချဉ်ထောင် ​အလုံအလောက် ​မပေးဝေနိုင်တဲ့အတွက်ကြောင့် ​ငှက်ဖျားရောဂါ ​အန္တရာယ်ဟာ ​ကြီးမားနေဆဲ ​ဖြစ်တယ်လို့လည်း ​ကျန်းမာရေး ​အစီရင်ခံစာက ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ငှက်ဖျားရောဂါ ​ကူစက်ခံစားရသူပေါင်းဟာ ​ခန့်မှန်းခြေအနေနဲ့ ​သန်း ​နှစ်ရာကျော်ရှိခဲ့ပြီး ​အဲဒီထဲမှာ ​ခြောက်သိန်းကျော်ဟာ ​သေဆုံးခဲ့ရပါတယ်။

ပစိဖိတ်ဒေသထဲမှာ ​ငှက်ဖျားရောဂါပိုးကြောင့် ​သေဆုံးခဲ့ရသူ ​သုံးရာကျော်ရှိပြီးများသောအားဖြင့် ​Papua ​New ​Guinea ​နိုင်ငံကဖြစ်ပါတယ်။ ​ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ​ငှက်ဖျားရောဂါကြောင့် ​အိန္ဒိယနိုင်ငံမှာ ​သေဆုံးသူ ​ငါးရာကျော်ရှိပြီး ​မြန်မာနိုင်ငံမှာတော့ ​လေးရာကျော်ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ABC Radio Australia