လစဉ်ကြေး ပေးစရာမလိုဘဲ ရုပ်သံလိုင်း(၁၅)လိုင်း ဖမ်းယူကြည့်ရှုနိုင်ပြီး

ပို့စ်တင်ချိန် - 12/13/2013 05:32:00 PM




ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ယခုလက်ရှိအချိန်တွင် ဒီဂျစ်တယ်နည်းပညာဖြင့် ရုပ်မြင်သံကြားအစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည်။ အဆိုပါ ရုပ်မြင် သံကြားအစီအစဉ်များကို ပြည်သူများ ကြည့်ရှုနိုင်စေရန်နှင့် ယခုကျင်းပ လျက်ရှိ သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကျင်းပနေမှုများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်စေရန် တို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက DVB –T2 Set Top Box ရုပ်မြင် သံကြား ဖမ်းစက်များကို လက်ရှိဖမ်းယူရရှိနိုင်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် DVB –T2 Set Top Box ရုပ်မြင်သံကြားဖမ်းစက်များကို ရုပ်မြင်သံကြားပြစက်ရှိပြီး တစ်လမိသားစုဝင်ငွေကျပ် ၁၅၀၀၀၀ အောက်ရရှိ၍ ဝါးအိမ်၊ သစ်သားအိမ်များဖြင့် နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် ၁၀၄လုံး၊ စီးပွားဖြစ်မဟုတ်သောဆေးရုံ၊ဆေးခန်းများအတွက် (၉)လုံး၊ စီးပွားဖြစ် မဟုတ်သော စာသင်ကျောင်းအတွက် (၅၈)လုံး၊ မိဘမဲ့၊လူအိုရုံ၊ မသန်စွမ်းကျောင်းများ အတွက် (၅)လုံး၊ သိပ္ပံကောလိပ်နှင့် တက္ကသိုလ်များ အတွက် (၃)လုံး၊ စီးပွားဖြစ်မဟုတ်သော အများပြည်သူ ကြည့်ရှုရန် နေရာများအတွက် (၁၅)လုံး၊ ပြည်သူ့စာကြည့်တိုက်များ အတွက်(၁၁)လုံးနှင့် သာရေးနာရေး လူမှုရေး အသင်းများအတွက် (၁၅)လုံး စုစုပေါင်း စက်အလုံးရေ (၂၂၀)လုံးတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါရုပ်မြင်သံကြားဖမ်းစက်နှင့် ကြည့်ရှုမည်ဆိုပါက လစဉ်ကြေး ပေးစရာမလိုဘဲ ရုပ်သံလိုင်း(၁၅)လိုင်း ဖမ်းယူကြည့်ရှုနိုင်ပြီး အရုပ် အသံကြည်လင်ပြတ်သားစွာ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar