မန္တလေးချော်တွင်းဆိပ်ကမ်းတွင် ကျောက်တင်သင်္ဘော ဂက်စ်အိုး"ပေါက်ကွဲမှုဖြစ်ပွား

ပို့စ်တင်ချိန် - 12/28/2013 04:30:00 PM

မန္တလေးမြို့တော်အနီး ဧရာဝတီမြစ် ချော်တွင်းဆိပ်ကမ်းတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်တင်သင်္ဘော ကျောက်ဆူး ပြန်လည်ပြုပြင်ရန် သံဖြတ်နေစဉ် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သင်္ဘောအနီးတွင် အဝတ်လာလျှော်နေသော အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကာ သင်္ဘောပေါ်ရှိ လုပ်သမားလေးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ပေါက်ကွဲတဲ့အသံက အကျယ်ကြီးပဲ၊ မြေကြီးတွေတောင် နည်းနည်းတုန်သွားတယ်။ အားလုံးကလည်း ဘာဖြစ်တာလဲပေါ့။ ဒါနဲ့ နောက်မိနစ် ၂၀ လောက်မှ မြစ်ဆိပ်မှာရပ်ထားတဲ့ ကျောက်တင်သင်္ဘောတစ်စီးထဲက ဂတ်စ်အိုးပေါက်ကွဲတာလို့ ပြောသံကြားတာနဲ့ အဝတ်လျှော်နေတဲ့ အမျိုးသမီးကို သင်္ဘောပေါက်ကွဲလို့ လွင့်ထွက်လာတဲ့ ပစ္စည်းတစ်ခုက လာမှန်ပြီး သေသွားတယ်လို့ သိရတာပဲ” ဟု အဆိုပါ ချော်ဆိပ်အနီးရှိ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ဦးနေမျိုးက ဆိုသည်။ ကျောက်တင်သင်္ဘော ကျောက်ဆူးပြုပြင်ရန် သံဖြတ်နေစဉ် ဂတ်စ်အိုးပေါက်ကွဲခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကိုလည်း သင်္ဘောအစိတ်အပိုင်းများ လွင့်စဉ်ထွက်မှုများရှိကြောင်း၊ အဆိုပါ အစိတ်အပိုင်းကြောင့် သေဆုံးသွားသူမှာ အသက် (၄၃)နှစ်ရှိ ဒေါ်သီသီမြင့်ဆိုသူဖြစ်ကာ ဆုံးရှုံးမှုပမာဏနှင့် ဖြစ်စဉ်အားလုံးကို ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရေယာဉ်မှူးဦးသန်းနိုင်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄၊ ၃၃၈၊ ၂၈၆ အမှုအမှတ် ၈၅၂/၂၀၁၃ တို့ဖြင့် မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice Saturday သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge